မှော်ဘီဝါးနက်ချောင်း စစ်တပ် မြေသိမ်းယူမှု လယ်သမားတွေ ဆန္ဒပြ


2014.09.23

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက ခြံမြေဧက ၁၀၀ကျော်ဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ပိုင်မြေဖြစ်ကြောင်း အဲ့ဒီခြံမြေတွေမှာ လက်ရှိလုပ်ကိုင်နေတဲ့ တောင်သူတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် ဒီနေ့ ဝါးနက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ လယ်သမားတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် လက်မှတ်မရေး ထိုးခဲ့ဘဲ လယ်သမားတွေက ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ဝါးနက်ချောင်းကျေးရွာက လယ်သမား ဦးအေးနိုင်က ပြောပါတယ်။

"ရန်ကုန်တိုင်းစစ်ဌာနချုပ်က သိမ်းတယ်ဆိုပြီးမှ ကျနော်တို့ကို စာတွေဘာတွေလည်း ထုတ်မပေးဘူး၊ ကျနော်တို့ ဘိုးဘွားဘီဘင် စိုက်ပျိုးထားတဲ့ခြံတွေပေါ့နော်၊ ရော်ဘာခြံတွေလည်းရှိတာပေါ့နော်၊ သီးပင်၊ စားပင်အကုန်လုံး ရာသီပင်လည်းစိုက်တယ်ပေါ့၊ ဒီကိစ္စကိုတပ်က ဒီဇင်ဘာလကုန် ဖယ်ပေးပါလို့ သူတို့ကပြောတယ်၊ အုပ်ချုပ်ရေးမှူးက စာပို့တယ်၊ ခြံသမားအကုန်လုံးကို ကျနော်တို့ သွားတော့ ဘယ်သူမှလက်မှတ်မထိုးဘူး၊ ကျနော်တို့ကတော့ ဆန္ဒပြတယ်"

အဲ့ဒီခြံမြေဧက ၁၀၀ ကျော်ဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ပိုင် တပ်မြေအဖြစ်သတ်မှတ်ပြီး လက်ရှိ လုပ်ကိုင်နေ သူတွေနဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် လယ်သမား ၅၀ ကျော်က ဝါးနက်ချောင်းကျေးရွာက မြေတွေဟာ သူတို့ပိုင်ဆိုင်တဲ့မြေတွေဖြစ်ကြောင်း ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ တာဝန်ကျခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ တွေကို အဲ့ဒီခြံမြေတွေ ချထားပေးခဲ့တာဖြစ်ကြောင်းနဲ့ တောင်သူတွေကို လာမယ့် ဒီဇင်ဘာလ နောက်ဆုံးထား ပြီး ပြောင်းရွှေ့ပေးဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။