MSF ကို မြန်မာပြည်က ထွက်ဖို့ ညွန်ကြား
2014.02.28

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ မြန် မာပြည်အတွင်း ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ မြန်မာအစိုးရက အမိန့်ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး အလွန်အမင်းအံ့အားသင့်ရပြီး အဖွဲ့ရဲ့ပြုစုစောင့်လျှောက်မှုခံယူနေတဲ့ မြန် မာပြည်နေရာအနှံ့က ပြည်သူတွေအတွက် အထူးပဲ စိုးရိမ်မိတယ်လို့ MSF အဖွဲ့ကမနေ့က နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အခုလို မြန်မာအစိုးရရဲ့ တားမြစ်ခံရတာ ဟာ မြန်မာပြည်မှာ လုပ်ငန်းများလုပ်ဆောင်နေတာ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ MSF က ပြောပါတယ်။ အဖွဲ့ဟာ ရန်ကုန်တိုင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ HIV/AIDS ဆေးခန်းများ ဖွင့်လှစ်ထားပါတယ်။ အဲ့ဒီဆေးခန်းက လူနာတွေအတွက် ဆေးယဉ်ပါးနေတဲ့ TB ရောဂါ ဆေးမျိုးအပါအဝင် အသက်ကယ်ဆေးများ ကို ပ့ံ့ပိုးနိုင်ခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။
မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် HIV/AIDS လူနာ ၃သောင်းနဲ့ TB ဝေဒနာရှင် ၃၀၀၀ကို ထိခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် MSF အနေနဲ့ ရခိုင်ပြည်နယ်တစ်ခုထဲမှာတင် ငှက်ဖျားဝေဒနာရှင် တစ်သန်း ၂ သိန်းကျော်ကို ၂၀၀၄ခုနှစ်ကစပြီး ကုသပေးခဲ့တာဖြစ်တယ်လို့ MSF ရဲ့ ထုတ်ပြန်ချက် မှာ ရေးသားထားပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံကလည်း မြန်မာအစိုးရက MSF အဖွဲ့ရဲ့လုပ်ငန်းတွေကို ရပ်တန့်လိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ သောကြာနေ့က ပြောဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki က မြန်မာအစိုးရကို လူသားချင်း စာနာမှုအကူအညီတွေ လာရောက်ဆောင်ရွက်နေတဲ့အဖွဲ့များနဲ့ လက်တွဲပြီးအလုပ်လုပ်ဖို့အပြင် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးဖို့ တိုက်တွန်းတယ်လို့ ပြောဆိုပါတယ်။