မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့
2024.10.29

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့ (Ms. Julie Bishop) ဟာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ရိုက်တာက အောက်တိုဘာ ၃၀ ရက် ဒီနေ့ သတင်းဖော်ပြပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြောင်း ဂျူလီဘစ်ရှော့က ကုလအစည်းအဝေးတစ်ခုမှာ အောက်တိုဘာ ၂၉ ရက်နေ့က ပြောကြားခဲ့တာလို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးမှာ ပါဝင်ပတ်သက် နေသူတွေအားလုံးဟာ ပဋိပက္ခတွေကိုဖြေရှင်းဖို့အတွက် နောက်ကြောင်းပြန်လှည့်ရမယ်လို့ ဂျူလီဘစ်ရှော့ ပြောပါတယ်။
အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့နဲ့ ကုလသမဂ္ဂနဲ့ ထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေ ဝင်ရောက်နိုင်ဖို့အတွက် ဘယ်လိုနည်းနဲ့မဆို ပြန်လည်သင့်မြတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
နေပြည်တော်ကို သွားရောက်လည်ပတ်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျူလီဘစ်ရှော့က ပြောပေမဲ့ ဘယ်အချိန်မှာတွေ့ဆုံခဲ့ပြီး ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်မပြောကြားပါဘူး။
သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်း တိုက်ပွဲတွေဆက်ဖြစ်နေရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ တိုးတက်မှု အနည်းငယ်ပဲ ရှိနိုင်တာကြောင့် မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးက လက်ရှိအခြေအနေထက် ကျော်လွန်ပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ဂျူလီဘစ်ရှော့က ပြောပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။