အမေရိကန် အကြံပေးအရာရှိ မြန်မာနိုင်ငံ လာမည်
2014.01.30
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ Ms.Judith Cefkin ဟာ မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေကို ခရီးလှည့်လည်မယ်လို့ ဖေါ်ပြထားပါတယ်။
၁၀ ရက်ကြာ သုံးနိုင်ငံခရီးစဉ်အတွင်း အကြီးတန်းအစိုးရအရာရှိတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့မူဝါဒတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေး၊ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်တိုးတက်ဖို့အတွက် မြန်မာနိုင်ငံအတွင်းက အားထုတ်မှုတွေအပေါ် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု စတာတွေကို ပြောဆိုဆွေးနွေးမယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ Ms. Judith Cefkin ဟာ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖေါ်ဝါရီ ၁ ရက်နေ့အထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ဖေဖေါ်ဝါရီ ၂ ရက်ကနေ ၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၊ ဖေဖေါ်ဝါရီ ၃ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံ ရန်ကုန်၊ နေပြည်တော်နဲ့ တခြားမြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။ ဒါကာမြို့ကိုရောက်ရှိစဉ်အတွင်း ရခိုင်ပြည်နယ်က မွတ်စလင်လူမျိုးစု ပြဿနာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးဖွယ်ရှိတယ်လို့ဆိုပါတယ်။ Ms. Judith Cefkin ဟာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထက်တန်း အကြံပေးအရာရှိအဖြစ် ၂၀၁၃ ခုနှစ် စက်တင်ဘာလက ခန့်အပ်ခံခဲ့ရပါတယ်။