မြောက်ဦးကိစ္စ စုံစမ်းရေးအဖွဲ့ ဖွဲ့ဖို့ ရခိုင်လွှတ်တော် အစည်းအဝေး ကျင်းပမည်
2018.01.26

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူ ၇ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ထားပါတယ်။
မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်က တင်ပြတောင်းဆိုတဲ့အတွက် လာမယ့် ၂၉ ရက်နေ့မှာ ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူမှာဖြစ်တယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
"၂၉ ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို ခေါ်ထားပါတယ်၊ မြောက် ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့သင့်တယ် ဆိုတဲ့အကြောင်းကို မြောက်ဦးမြို့ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဝင်းနဲ့ ကျနော်က လက်မှတ်ထိုးပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌဆီ တင်တဲ့အတွက်ကြောင့်မို့ လာမယ့် ၂၉ ရက်နေ့မှာ ဒီကိစ္စကို အတည်ပြု ရယူသွားဖို့ရှိတယ်လို့ ထင်ပါတယ်"
အခုဖွဲ့စည်းမယ့် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးနဲ့ လွှတ်တော်က ဥပဒေအကြံပေးအဖွဲ့တွေ အပါအဝင် ၉ ဦးလောက်နဲ့ ဖွဲ့စည်းလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။
အဲဒီ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ၂၉ ရက်နေ့ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်ကျတာနဲ့ နယ်မြေဆင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမှာ ကျင်းပမယ့် ၂၃၃ ကြိမ်မြောက် ရခိုင့် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပခွင့်ကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြမှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ကျည်ဆန်အစစ်ကိုသုံးပြီး ပစ်ခတ်လူစုခွဲခဲ့တဲ့အတွက် ဆန္ဒပြသူ ၇ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အစိုးရကတော့ ရဲတပ်ဖွဲ့အနေနဲ့ ရဲလုပ်ငန်းစဉ်အရ ကြိုတင်သတိပေးတာတွေလုပ်ပြီးမှ ပစ်ခတ်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် ဆန္ဒပြသူတွေကတော့ သတိပေးခြင်းမရှိဘဲ ပစ်ခတ်လူစုခွဲခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ ဆန္ဒပြပွဲမှာပါဝင်ပြီး ဒဏ်ရာရသူတွေထဲက ၈ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
မြောက်ဦးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က မြောက်ဦးမြို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။