မြောက်ဦးမှာ အရပ်သားငါးဦးကို စစ်ကောင်စီတပ်က ပစ်သတ်မြေမြှုပ်ထား
2024.02.10

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ကိုရင်ဆို့ (ခေါ်) ကိုကျော်ဇံဝေ အပါအဝင် အရပ်သားငါးဦးကို မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းက စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်သတ်ပြီး မြေမြှုပ်ထားတယ်လို့ ရုပ်အလောင်းကိုတွေ့ရှိခဲ့တဲ့ သတင်းရင်းမြစ်တစ်ဦးက RFA ကိုပြောပါတယ်။
ကိုရင်ဆို့ (ခေါ်) ကိုကျော်ဇံဝေဟာ လူမှုကွန်ရက်မှာ ဟာသဗီဒီယိုတွေကြောင့် လူသိများသူတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။ ကိုရင်ဆို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်စပ်တဲ့အတွက် ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုရင်ဆို့နဲ့အတူ သတ်ဖြတ်မြေမြှုပ်ခံရတဲ့သူ လေးဦးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
သူတို့ ငါးဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ (၃၇၈) က သတ်ဖြတ်မြေမြှုပ်ခဲ့တာပါ။
ခမရ (၃၇၈) တပ်ရင်းကို ဖေဖော်ဝါရီလ ၅ ရက်မှာ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းယူပြီးနောက် ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဖော်ထုတ်ချက်ကြောင့် ကိုရင်ဆို့ အပါအဝင် အရပ်သား ငါးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကိုရင်ဆို့ (ခေါ်) ကိုကျော်ဇံဝေ အပါအဝင် ငါးဦးကို ခမရ (၃၇၈) တပ်ရင်းက စစ်ကောင်စီတပ်သားတွေ ပစ်သတ်ပြီး မြေမြှုပ်ထားပါတယ်။ အလောင်းတွေကိုလည်း တွေ့ပြီးပါပြီ။ ပစ်သတ်တဲ့ စစ်ကောင်စီတပ်သား လူစာရင်းတွေကိုလည်း ရထားပြီလို့ သိရပါတယ်။ မကြာခင်မှာ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လာပါလိမ့်မယ်"
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ မိသားစုဝင်တွေနဲ့ AA ကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။ ဒီအပြင် ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းကိုလည်း တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် အရပ်သား ၄၅၀၇ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။