မြောက်ဦးဖြစ်စဉ်ကို ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး
2018.01.24

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူ ၇ ဦးကို သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ ဒီကနေ့ မြောက်ဦးမြို့မှာ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မြို့ခံတွေရော ဌာနဆိုင်ရာတွေနဲ့ပါ တွေ့ဆုံခဲ့ပြီး ထပ်ပြီးတော့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ဦးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
"ကျနော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့က အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းတင့် ဦးဆောင်တဲ့အဖွဲ့ပါ။ မြောက်ဦး သွားတာပါ။ သူတို့အဖွဲ့လိုအပ်ချက်အရ ၂ ရက်လည်းဖြစ်ချင်ဖြစ်မယ်။ ၁၀ ရက်လည်း ဖြစ်ချင်ဖြစ်မယ်။ အကုန်လုံး နဲ့ တွေ့ဆုံပြီးတော့ စုံစမ်းတာပေါ့။ မြို့ခံတွေရော၊ ဌာနဆိုင်ရာတွေရော အကုန်လုံးနဲ့ တွေ့မှာပေါ့။ လိုအပ်ရင် လိုအပ်သလို ဆက်တွေ့ကြအုံးမယ်။ ဆက်ခေါ်တွေ့ကြအုံးမယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမှာ ကျင်းပမယ့် ၂၃၃ ကြိမ်မြောက် ရခိုင့် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပခွင့်ကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြသူတွေကို လူစုခွဲရာမှာ ရဲတပ်ဖွဲ့က ကျည်ဆန်အစစ်ကိုသုံးပြီး ပစ်ခတ်လူစုခွဲခဲ့တဲ့အတွက် ဆန္ဒပြသူ ၇ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အစိုးရဘက်ကတော့ အဲဒီ ပစ်ခတ်မှုကို ရဲလုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ သတိပေးပြီးမှ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ပေမယ့် ဆန္ဒပြသူတွေကတော့ ရဲတပ်ဖွဲ့ဘက်က သတိပေးတာတွေ မလုပ်ဘဲ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဆန္ဒပြမှုမှာ ပါဝင်ပြီး ဒဏ်ရာရထားတဲ့ လူနာ ၈ ယောက်ကိုလည်း ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။