ဖမ်းခံထားရတဲ့ မြောက်ဦးကလူငယ် ၈ ဦး လွတ်မြောက်ရေး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေး


2018.09.28
anp-mp-622.jpg ရခိုင်အမျိုးသားပါတီ(ANP) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းနဲ့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ဆုံခဲ့စဉ်
photo: MP U Tun Tha Sein

စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်အပြီး ချုပ်ရက်နဲ့  ပြန်လွှတ်ပေးလိုက်တဲ့ မြောက်ဦးကလူငယ် ၈ ဦးကို နိုင်ငံတော် အလံဥပဒေနဲ့ ရဲက ထပ်မံဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်ဥပဒေချုပ်နဲ့ တွေ့ဆုံတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းနဲ့ စစ်တွေမြို့မှာ ဒီနေ့ တွေ့ဆုံပြီး တိုက်တွန်းခဲ့တာလို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က RFA ကို ပြောပါတယ်။

"အမှုဖွင့်တဲ့ ဒီတိုင်ကြားသူကလည်းပဲ မြောက်ဦးက စခန်းမှူး သိန်းနိုင်အေးပဲဖြစ်တယ်၊ အမှုစစ်ကလည်း အဲဒီ သိန်းနိုင်အေးပဲဖြစ်တယ်၊ အခုတစ်ခါ အလံမှုနဲ့ ပြန်ပြီးတော့ အမှုဖွင့်တဲ့သူကလည်း ဦးသိန်းနိုင်အေးပဲဖြစ်တယ်၊ ဒါကြောင့် အဲဒီ ဦးသိန်းနိုင်အေးဟာ ၈ လအတွင်းမှာ ဘာကြောင့် ဒီအမှုကိုစွဲချက်မတင်ခဲ့တာလဲ၊ အခုတစ်ခါ လွှတ်ပြီးမှ အမှုတစ်ခုနဲ့ပြန်ဖွင့်တယ်ဆိုတာ မဖြစ်သင့်ပါဘူး၊ ဒါ့ကြောင့် ဥပဒေချုပ်အနေနဲ့ ဒါကိုသက်သက် ညှာညှာလေး စဉ်းစားပေးပါ ပြီးတော့ ဥပဒေကြောင်းအရ ဒီကလေးတွေကို အကာအကွယ်ပေးပါ ဒီလိုပဲ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်"

မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဆန္ဒပြသူတွေကို ရဲကသေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဒဏ်ရာရသူ ၈ ဦးကို ဥပဒေနဲ့ဆန့်ကျင်သူတွေထဲမှာ ပါဝင်မှုနဲ့ စစ်တွေမြို့နယ် တရားရုံးကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ထောင်ဒဏ် ၈ လစီ အမိန့်ချမှတ်ခဲ့တာပါ။

သူတို့ဟာ အကျဉ်းထောင်အချုပ်ထဲမှာ အချိန် ၈ လကျော်ကြာနေထိုင်ခဲ့ရပြီး တရားရုံးက ချုပ်ရက်တွေကို ထုတ်နှုတ်ခံစားခွင့်ပြုခဲ့တာကြောင့် အဲဒီနေ့မှာပဲ လွှတ်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလူငယ် ၈ ဦးကို ရဲက ပြန်လွှတ်မပေးဘဲ နိုင်ငံတော်အလံဥပဒေ- ၁၆ နဲ့ ဆက်လက်ဖမ်းဆီးလိုက်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့က ရုံးချိန်မဟုတ်တဲ့ ည ၇ နာရီလောက်မှာ စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ရမန်ယူပြီး ချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။

တရားရင်ဆိုင်ခဲ့ရတဲ့ အချိန် ၈ လကျော်ကာလအတွင်းမှာ တခြားဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာ မရှိဘဲ တရားရုံးကအမိန့်ချပြီး ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာ ဆက်လက်ဖမ်းဆီးထားတာဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသလို အစိုးရဘက်က လူသားတစ်ယောက်ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်နေတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက ပြောပါတယ်။

ဒီကိစ္စအပေါ် ဥပဒေချုပ်ရုံးက အလေးအနက်ထားစဉ်းစားနေပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြသွားမယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။