မြောက်ဦးမှာ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် လူခြောက်ဦး သေဆုံး
2023.12.27
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒီဇင်ဘာလ ၂၆ ရက် မနေ့က တစ်ရက်တည်းမှာပဲ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေက ဘုရားပေါ်ဒုက္ခသည်စခန်းက အသက် ရှစ်နှစ်ကနေ ၁၁ နှစ်အတွင်း ရှိကြတဲ့ ကလေး လေးဦး၊ အသက် ခြောက်ဆယ် ဒေါ်သိမ်ဝါနုနဲ့ ဆင်ချဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဘုတို့ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ သုံးလုံးပစ်ခတ်တာမှာ နှစ်လုံးက မြောက်ဦးမြို့နယ် မြောက်ဘက်ကို ကျရောက်ပေါက်ကွဲပြီး နောက်တစ်လုံးကတော့ စစ်ဘေးဒုက္ခသည်စခန်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူသေဆုံးမှု များခဲ့တာလို့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးက ဓမ္မာရုံရဲ့ ဝရန်တာကို ကျရောက်ပေါက်ကွဲတာ။ အထဲမှာရှိနေတဲ့ ဒုက္ခသည်တွေ ထိမှန်သေဆုံး တာပေါ့။ သေဆုံးသူ ငါးဦးမှာ ယောက်ျားလေး နှစ်ဦးက ဆေးရုံပို့နေတဲ့ လမ်းမှာဆုံးတယ်။ မိန်းကလေးနှစ်ဦးက ဆေးရုံရောက်တာနဲ့ ဆုံးတယ်။ အသက် ခြောက်ဆယ်အရွယ် အမျိုးသမီးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဘု ကတော့ နေရာမှာတင် ပွဲချင်းပြီးပါပဲ"
သေဆုံးသူတွေအပြင် စစ်ဘေးဒုက္ခသည်စခန်းက နောက်ထပ် ကလေးတစ်ဦးနဲ့ အမျိုးသမီးလေးဦးတို့လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကို စစ်ကောင်စီတပ်ပြုလုပ်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း လက်နက်ကြီးကြောင့် မြောက်ဦးမြို့နယ်မှာ အရပ်သားသုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့ မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်ရှိနေပြီး ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ လေးသောင်းနီးပါးရှိတဲ့ မြောက်ဦးမြို့မှာ တိုက်တွေပြင်းထန်နေ တာကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။