မြောက်ဦးက ရှေးဟောင်းပြတိုက် ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အချို့ လက်နက်ကြီးထိမှန်ပျက်စီး

RFA Burmese
2023.12.25
မြောက်ဦးက ရှေးဟောင်းပြတိုက် ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အချို့ လက်နက်ကြီးထိမှန်ပျက်စီး မြောက်ဦးမြို့၊ နန်းရာကုန်းရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် လက်နက်ကြီး ထိမှန်ပျက်စီးပြီးနောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေ တာကြောင့် ဒီဇင်ဘာလ ၂၅ ရက် ဒီနေ့မနက်ပိုင်း ၅ နာရီခန့် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုပြတိုက် ထိမှန်ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်မနက်ပိုင်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာလို့ ဆိုပါတယ်။

မြောက်ဦးရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို စုစည်းပြသထားတဲ့ မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ဟာ ညောင်ပင်ဈေးရပ်ကွက်၊ နန်းရာကုန်းရဲ့ ပထမထပ်မှာ ရှိတာပါ။

ဒါ့အပြင် ဆင်ချဆိပ်ရပ်ကွက်အတွင်းက သဒ္ဓမ္မသုခါရာမ ဘုန်းကြီးကျောင်း၊ ဂန္ဓမာ ကျောင်းတိုက်၊ မင်္ဂလာမာန်အောင်ကျောင်းဟောင်း အပါအဝင် လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ မြောက်ဦးမြို့မှာ သတင်းသုံးတဲ့ ရဟန်းတစ်ပါးက RFA ကို မိန့်ပါတယ်။

“လူတွေ ထိခိုက်တာများတယ်။ ဆင်ချဆိပ်က ဘုန်းကြီးကျောင်း သုံးကျောင်းလည်း ပျက်စီးသွားတယ်။ လူနေအိမ်တွေရောပေါ့။ နန်းရာကုန်းက မြောက်ဦးရှေးဟောင်း ပြတိုက်လည်း လက်နက်ကြီးထိ ပျက်စီးသွားတယ်။ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်နေတာ။ ထိခိုက်မှုတွေတော့ များတယ်။ ဦးဇင်းတို့ မြို့ထဲကိုလည်း ဝင်လို့မရဘူးလေ။ မြို့ထဲမှာလည်း လူတစ်ယောက်မှ မရှိတော့ဘူး။ တိုက်ပွဲက မနေ့က မနက်ပိုင်းပဲဖြစ်တာ။ လက်နက်ကြီးက တစ်ချိန်လုံး၊ တစ်ညလုံး ပစ်နေတာပဲ။ ဒီနေ့ကလည်း တိုက်ပွဲဖြစ်တာ မရှိ တိတ်ဆိတ်နေတယ်”

မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်စောပိုင်းကစပြီး မြို့အထွက် ငွေတောင်ပေါက်တံတားအနီးက ရဲစခန်းနဲ့ သူတော်မတောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ် ခြေမြန်တပ်ရင်းခမရ (၅၄၀) နဲ့ (ခမရ-၃၇၇) ကလည်း မြောက်ဦးမြို့နဲ့ အနီးအနားရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် ဆင်ချဆိပ်ရပ်ကွက်က ဒေသခံသုံး ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရပ်ကွက်တွေထဲ စစ်ကြောင်းထိုးပြီးတွေ့တဲ့ အရပ်သားတွေကို ဖမ်းဆီးနေတာကြောင့် စိုးရိမ်နေရပြီး အပြင်ဘက်မထွက်ရဲဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ်တစ်ရာကျော် ပစ်ခတ်တာကြောင့် ဆင်ချဆိပ်ရပ်ကွက်က ဒေသခံ သုံးဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ လေးသောင်းနီးပါးရှိတဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။