အကြောင်းမဲ့မီးရှို့ခံရလို့ စစ်ကိုင်း၊ မိုးသောက်ကျေးရွာအုပ်စုက ဒေသခံသုံးထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
2022.12.25

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်၊ မိုးသောက်ကျေးရွာအုပ်စုက ရွာငါးရွာကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြောင်းမဲ့ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၈၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက စစ်ကိုင်းမြို့နယ် လင်းယဉ်ရွာသစ်ကျေးရွာကနေစတင်ပြီး ကျေးရွာငါးရွာကို တနေကုန် အကြောင်းမဲ့ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလိုမီးရှို့ခဲ့ရာမှာ လင်းယဉ်ကျေးရွာက အသက် ၈၀ အရွယ် ဒေါ်အေးမြိုင်ဆိုတဲ့ အမျိုးသမီးဟာ ထွက်မပြေးနိုင်တဲ့အတွက် မီးလောင်သေဆုံးခဲ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒါ့အပြင် မိုးသောက်ကျေးရွာက အမျိုးသားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ လင်းယဉ်ကျေးရွာသား တစ်ဦးက RFA ကိုပြောပါတယ်။
“သုံးယောက်ရှိတယ်ဗျ။ လူသေဆုံးတာက၊ ဖမ်းပြီးတော့သတ်တာက နှစ်ယောက်၊ စကစ တွေက ဆင်းလာတဲ့ အချိန်တောထဲရှောင်နေရင်း ပြေရင်းဖမ်းမိတာ၊ ရွာဘက်ကိုဆင်းတဲ့ အချိန်လေ။ ဖမ်းမိပြီး ရွာစဉ်ခေါ်လာပြီး ရွာတွေငါးရွာလုံးကို ပတ်ပြီးမီးရှို့လာတဲ့အချိန်မှာ ရွာသစ်ဘုရားနားရောက်တော့ သေနတ်နဲ့ပစ်သတ်ထားခဲ့တာဗျ။ တောသားတွေပဲ သုံးဆယ်ကျော်တွေပဲဗျ။ မီးထဲပါတာတစ်ယောက် လင်းယာဉ်ရွာကဗျ။ အသက် ၈၀ ကျော်အမေကြီးတစ်ယောက်။”
ဖမ်းဆီးသတ်ခံရတဲ့ မိုးသောက်ကျေးရွာသားနှစ်ဦးက အသက် ၃၉ နှစ်အရွယ် ကိုဖိုးထူးနဲ့ အသက် ၃၈ နှစ်အရွယ် ကိုမင်းတို့ ဖြစ်တယ်လို့ ရွာခံတွေကပြောပါတယ်။
လင်းယဉ်၊ မိုးသောက်၊ ရှမ်းကုန်း၊ ကုန်းကြီး နဲ့ လင်းယဉ်ရွာသစ် ကျေးရွာ ငါးရွာက အိမ်ခြေ ၈၀၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ပြီး ဒေသခံတွေဟာ လယ်တောတွေထဲမှာ ဖြစ်သလိုနေထိုင်နေကြရပါတယ်။

နေအိမ်နဲ့ လုပ်ကိုင်စားသောက်တဲ့ နွားစာစင်းစက်၊ နွားလှည်း၊ ရေစုတ်စက်တွေ မီးလောင်ဆုံးရှုံးခဲ့တဲ့ မိုးသောက်ရွာသားတစ်ဦးက လက်ရှိမှာ ချေးဌားပြီး စားသောက်နေရတယ်လို့ ပြောပါတယ်။
“ ကျွန်တော်တို့က ရွာထဲမှာလည်း မနေရဲတဲ့အတွက် တောထဲမှာပဲ အမိုးအကာလေးတွေ ကာပြီးနေနေရတယ်။ တဲရှိတဲ့သူကလည်း တဲလေးတွေနဲ့နေကြပါတယ်။ ရှိတာလေးနဲ့စားပေါ့ဗျာ။ ဟိုဘက်ချေးလိုက်၊ ဒီဘက်ချေးလိုက် မျှစားလေးပေါ့။ သိမ်းပြီးသား စပါးတွေလည်းပါသွားတာကိုးဗျ။ နှမြောတော့ ဝမ်းနည်းတော့ ငိုတဲ့သူက ငိုကြပေါ့ဗျာ။ ကိုယ်က ဘာမှမလုပ်နိုင်ဘဲ ဘာလုပ်လို့ရမှာလဲ။ ကိုယ်လည်း အံတုလို့လည်း မရဘူးလေ။ သူတို့မှာလည်း လက်နက်တွေနဲ့ ကိုယ့်မှာလည်း ဘာမှမရှိဘူးလေ။ ဒီတိုင်းကြောက်ပြေးရမယ့် သူပဲရှိတာလေ။ အခုရွှေ့နေတာလေးလည်း လာရင်ပြေးရဦးမှာပဲ။”
ဒီရွာတွေကို စစ်ကောင်စီက ပထမဆုံးအကြိမ်မီးရှို့တာဖြစ်ပြီး နေအိမ်တွေ သုံးပုံနှစ်ပုံ လောက်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။ ရှမ်းကုန်းကျေးရွာကတော့ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။
အကြောင်းမဲ့သက်သက် အပြစ်မဲ့ရွာသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် မကျေနပ်ဘူးလို့ နေအိမ်မီးရှို့ခံရတဲ့ ရွာသားတစ်ဦးက RFA ကိုရင်ဖွင့်ပါတယ်။

“မျက်ရည်နဲ့ မျက်ခွက်ပေါ့ဗျာ။ ကျေနပ်တာတော့ ကျွန်တော်တို့က လုံးဝမကျေနပ်ဘူး။ ဒီ စကစ ရဲ့လက်အောက်ကလည်း ကျွန်တော်တို့လွတ်ချင်ပြီဗျာ။ ဘာမှမလုပ်တဲ့ ရွာတွေကိုတောင် ဒီလိုမျိုးလုပ်နေတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှ မခံစားနိုင်ဘူးဗျာ။ အပြစ်မဲ့တဲ့ ပြည်သူတွေဗျာ။ ဘာမှမလုပ်တတ်ဘူး။ ကိုယ်တောင်သူကိုယ်လုပ်နေသူတွေ၊ ဆင်းရဲသားကနေ စုဆောင်းထားတဲ့ အိုးအိမ်တွေဗျ။ အဲ့ဒါတွေအကုန်လုံး ပျက်ဆီးဆုံးရှုံးသွားတာ။ ဒီအတွက်သူတို့ တစ်ချိန်ချိန်တော့ ပြန်ပေးဆပ်ရမှာပဲ။ အဝတ်အထည်တွေလည်း ဘာမှမရှိဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုကများတယ်။ စောင်တွေ အနွေးထည်တွေလည်း လုံလုံလောက်လောက်မရှိဘူး တော်တော်အခက်အခဲဖြစ်နေတယ်။”
လိုအပ်နေတဲ့ အဝတ်အထည်နဲ့ စောင်တွေကို မြို့ပေါ်က အသိတွေထံလှမ်းမှာထားရာမှာလည်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် ရောက်မလာဘဲဖြစ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက အရင်က တိုက်ပွဲဖြစ်တဲ့ အနီးကကျေးရွာတွေကို မီးရှို့ခဲ့တာရှိပြီး အခုနောက်ပိုင်းမှာတော့ သူတို့တပ်တွေစစ်ကြောင်းထိုးလာတဲ့ လမ်းက ရွာမှန်သမျှကို မီးရှို့ဖျက်ဆီးနေတယ်လို့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အခြေစိုက် ခင်ဦးအထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်က ပြောပါတယ်။
“ ဒီလောက်ကြီးရက်ရက်စက်စက်လုပ်နေမှတော့ စစ်ကောင်စီအပေါ်မှာ လုံးဝခွင့်လွှတ်နိုင်တဲ့အနေအထားမရှိတော့ဘူး။ ဒီကောင်တွေ စစ်ကြောင်းထိုးလာပြီဆိုရင် ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေက ခုခံမယ်၊ တိုက်ခိုက်မယ်။ စစ်ကြောင်းလည်း ငြိမ်သွားပြီဆိုရင် တစ်ဖက်တစ်လမ်းကနေပြီးတော့ စစ်ကြောင်းထိုးခံရတဲ့ မီးရှို့ခံရတဲ့ ကျေးရွာတွေကို လိုက်လံပြီး ထောက်ပံ့မှု ပြုလုပ်ရတယ်။ ပြည်သူလူထုက Local PDF တွေကို စိတ်ပျက်ပြီး ဒီ Local တွေကြောင့်မို့ စစ်ကြောင်းက ထိုးလာတယ်။ ဒီ Local တွေကြောင့်မို့ ဒုက္ခတွေရောက်တယ်။ PDF တွေရှိလို့လာတယ်ဆိုတာမျိုးလည်း ပြန်မဖြစ်ရအောင်ပေါ့။ မီးရှို့ခံသွားရတာက ဆုံးရှုံးမှုတွေက အမြောက်အမြား တစ်ရွာလုံးကြည့်လိုက်တော့ အကုန်လုံးပြာပုံကြီးပဲ ဖြစ်သွားတယ်။ကျွန်တော်တို့က တစ်ရက်ရွေ့ရွေ့ နှစ်ရက်ရွေ့ရွေ့ဆိုတဲ့ စားနပ်ရိက္ခာလောက်ပဲ ထောက်ပံ့နိုင်တာ၊ ဆုံးရှုံးသွားတာနဲ့ ထောက်ပံ့တာ မျှတသလားဆို လုံးဝ မိုးနဲ့မြေပါခင်ဗျ။ လုံးဝကို မမျှတပါဘူး။”
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာမျိုး လုပ်ဆောင်လေ့မရှိကြောင့် သတင်းမီဒီယာတွေကို ဖြေကြားလေ့ရှိပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့က စစ်ကိုင်းမြို့နယ် မိုးသောက်ကျေးရွာအုပ်စုက ရွာငါးရွာ မီးရှို့ခံရမှုနဲ ဒေသခံသုံးဦးသေဆုံးမှုနဲ့ပတ်သက်ပြီး RFA က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ စာရင်းအရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၇,၄၉၆ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းကျော် (၆၁၆,၅၀၀) ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။