ပုလဲမြို့နယ် ချောင်းဦးရွာမှာ အိမ် ၃၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ချောင်းဦးရွာကို ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၂၀ ကျော် ဝင်ရောက်လာပြီးနောက် နေအိမ် ၃၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့ ချောင်းဦးရွာမှာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းဦးရွာခံတစ်ဦးက ပြောပါတယ်။
“အရင်ရက်က တိုက်ခံရတဲ့ ဇီးဖြူကုန်းရွာဖြစ်စဉ်မှာ ကာကွယ်ရေးအဖွဲ့တွေက ရွာဘက် ကနေ တက်သွားတော့ အဲဒါကို ပြဿနာရှာတာနေမှာ။ ဒီမနက်တော့ ပျူစောထီးတွေနဲ့ စစ်သားတွေက ရွာရဲ့အနောက်မြောက်ကနေ ပတ်လာပြီးရှို့တာ။ လေကလည်း မြောက် လေတိုက်နေတော့ အားပေးသလိုဖြစ်တာပေါ့။ အခုကတော့ မီးညွန့်တော့ကျိုးသွားပြီ။ နေကလည်းပူပြီး မီးအရှိန်နဲ့ဆိုတော့ ရွာထဲဝင်မရသေးဘူး။ ကျွန်တော်တို့ရွာတွေ မီး လောင်သလို တခြားရွာတွေမဖြစ်အာင်လို့ စစ်ကောင်စီကို ဆက်ပြီးတွန်းလှန်သွားမှာပါ"
ချောင်းဦးကျေးရွာ ဒေသခံတွေဟာ ရွာနဲ့ တစ်မိုင်ခန့်သာဝေးတဲ့ ဇီးဖြူကုန်းရွာမှာ စစ်ကောင် စီကတပ်စွဲပြီး ပျူစောထီးအဖွဲ့ဝင်တွေကို စစ်သင်တန်းပေးချိန်ကပင် တောတွေထဲမှာ ပြောင်းရွှေ့နေထိုင်နေကြတာ တစ်လခန့်ရှိနေပြီလို့ ဆိုပါတယ်။
အဲဒီ ဇီးဖြူကုန်းရွာမှာ စစ်တက်က သင်တန်းပေးနေတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့က ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက် ခဲ့ပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ကာကွယ်စောင့်ရှောက်ရမယ့်သူတွေကို အခုလို မီးရှို့တာတွေ မလုပ်ဘူးလို့ တုံ့ပြန်ပါတယ်။
“စစ်ကိုင်းမှာ PDF တွေက စည်းရုံးပြီး အကြမ်းဖက်လုပ်တာတွေရှိတော့ နယ်မြေ မတည်ငြိမ်တဲ့အတွက် ပြည်သူ့စစ်ဖွဲ့ပြီး NUG၊ PDF တွေကို ပြန်လည်ကာကွယ်နေတာ တွေရှိတယ်။ အဲဒီရွာတွေကို PDF တွေက ဝိုင်းတိုက်ပြီး မီးရှို့တယ်။ မြန်မာ့တပ်မတော် အနေနဲ့ ရွာတွေ မီးလောင်သွားရင် နေရပ်စွန့်ခွာသူတွေကို ကာကွယ်စောင့်ရှောက်ပေးရ မှာဖြစ်တယ်။ ကာကွယ်ပေးရမယ့်သူတွေကို လုပ်စရာအကြောင်းမရှိဘူး"
ပုလဲမြို့နယ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတာ အချိန် ၆ လခန့်ကြာမြင့်နေပြီဖြစ် ပါတယ်။
ပုလဲမြို့နယ်မှာရှိတဲ့ အင်မထီး၊ ပန်းရွာ၊ လှော်ကား၊ ဇီးဖြူကုန်းရွာတွေမှာလည်း အခုလ အတွင်း မီးရှို့ခံရမှုတွေ ရှိခဲ့တဲ့အတွက် နေအိမ် ၁၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့အထိ နေအိမ်အလုံးပေါင်း ၄၅၇၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ နိုင်ငံရေး၊ စစ်ရေးနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သုတေသနပြုနေတဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံများကြည့်ရန်)