တီးတိန်ဒေသခံနှစ်ထောင်ကျော် စစ်ဘေးရှောင်နေရ

2022.01.30
တီးတိန်ဒေသခံနှစ်ထောင်ကျော် စစ်ဘေးရှောင်နေရ စစ်တပ်က အာဏာသိမ်းအပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံသွားကြသူများကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Reuters

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တီးတိန်ကိုသွားတဲ့ ကားလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့ဝင်တွေ ၁ဝ ရက်ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အဲဒီလမ်းတလျှောက်က ရွာတွေနဲ့ တီးတိန်မြို့ ပတ်ဝန်းကျင်က ရွာပေါင်း ခုနစ်ရွာက ဒေသခံ နှစ်ထောင်ကျော် တိမ်းရှောင်နေရတာပါ။

“ပြေးတာတော့ တစ်ပတ်ကျော်နေပြီနော်။ တောတောင်ထဲမှာပဲ ထွက်ပြေးကြရတာပဲ"

အဲဒီရွာတွေအနီးမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေဆဲဖြစ်လို့ ဒေသခံတွေဟာ နေရပ် မပြန်ရဲကြသေးဘူးလို့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

“အခုအချိန်အထိ ပြန်လို့မရသေးဘူး။ ကျေးရွာအကုန်လုံးက သိုင်းငင်း၊ ဟိန်ဇင်၊ ဆိုဇင်၊ ထေးဇံ၊ မွာလ်ပီး အဲဒီက သိပ်မများဘူး။ ဒီလမ်းမကြီးဘေးက ရွာတွေအကုန်လုံး ရှောင် နေကြတယ်။ ခုနှစ်ရွာ၊ ရှစ်ရွာလောက်ပေါ့။ လူဦးရေက အားလုံးဆိုရင် ထောင်ကျော်မယ် ။ ခန့်မှန်းခြေက နှစ်ထောင်လောက်တော့ ရှိနိုင်တယ်။ အနည်းဆုံးပေါ့”

ဒီလို တိမ်းရှောင်ရာမှာလည်း တောတောင်တွေကြားနဲ့ အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်မြို့ ဘက်ကို တိမ်းရှောင်နေကြရတယ်လို့ တီးတိန်မြို့က စစ်ဘေးဒုက္ခသည် တစ်ယောက်က ပြောပြပါတယ်။

“ပြေးတာတော့ တစ်ပတ်ကျော်နေပြီနော်။ တောတောင်ထဲမှာပဲ ထွက်ပြေးကြရတာပဲ။ ရိဒ်ဘက်ပဲ။ ကလေးဘက်တော့ မသွားဘူး။ မိုးရွာမှာ ကြောက်တာ အဲဒါပဲ။ ကျန်တောက တောထဲမှာ ရွာနားကဆိုတော့ အဆင်ပြေသလိုပဲ နေကြတာ အဲဒီလိုပဲ”

တီးတိန်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က နေ့စဉ် သေနတ်ပစ်ဖောက် တာ၊ ကလေး-တီးတိန် လမ်းပိုင်းတလျှောက်မှာ စခန်းချပြီး စစ်ဆေးနေတာတွေကြောင့် စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ တောတောင်တွေထဲမှာပဲ နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၁ဝ ရက်ကျော်ကြာတိုက်ပွဲအတွင်း နောက်ဆုံး သိုင်းငင်းရွာကို သိမ်းယူခဲ့ပြီးတဲ့နောက် CDF တပ်တွေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ CDM – Siyin အဖွဲ့က ပြောပါတယ်။ ဒီတိုက်ပွဲတွေမှာ အင်အားမမျှတဲ့အတွက် ဆုတ်ခွာခဲ့ရပေမယ့် စစ်ကောင်စီ ဘက်က အထိနာခဲ့တယ်လို့ CDM – Siyin အဖွဲ့က ခေါင်းဆောင်က ပြောပါတယ်။

“သူတို့ တက်လာတုန်းကတော့ အင်အား ၁၂၀ လောက်နဲ့ တက်လာတာ။ နောက်ဆုံး သိုင်းငင်းကို ရောက်လာခဲ့တဲ့အချိန်မှာ စကစ ဘက်က အယောက် ၄၀ လောက်ပဲကျန် တယ်။ ကျွန်တော်တို့ဘက်က ရန်သူ့လက်နက်နဲ့ ထိခိုက်ဒဏ်ရာရတာက အားလုံးပေါင်း ခုနစ်ယောက်။ တစ်ယောက်က ကျသွားတယ်။ နောက် ခြောက်ယောက်က ဆေးရုံတင် နေရတယ်”

chin-refugees-flee.jpg
(ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ မေ ၂၀ ရက်နေ့က တွေ့ရစဉ်) Photo: AFP

တီးတိန်ကနေ အိန္ဒိယနယ်စပ်နဲ့ ဆက်စပ်နေတဲ့ လမ်းပိုင်းဖြစ်တဲ့ ဖလမ်းမြို့နယ်က ရိဒ်ခေါ် ဒါရ်မြို့ အနီးမှာလည်း ဇန်နဝါရီ ၂၉ ရက် မနေ့ နေ့လယ်က သေနတ်နဲ့ ပစ်ခတ်နေလို့ ဒေသခံတွေ အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ရိဒ်ဒေသခံက ပြောပါ တယ်။

“ရိဒ်ကနေ ဘယ်လောက်ပြေးလဲတော့ မသိဘူး။ ဒီက အကုန်လုံးနီးပါးတော့ ပြေးတယ်။ မိသားစုပေါင်း တစ်ထောင်ကျော်ရှိတာ ရှစ်ရာကျော်လောက်ကတော့ ပြေးတယ်။ ပြေး လို့မရတဲ့ သူတွေကို ရပ်ကွက်ထဲကနေ ကားနဲ့ အိန္ဒိယနိုင်ငံ ချောင်းစပ်အထိ သွားပို့ပေး တာ သုံးလေးခေါက် သွားပို့ပေးခဲ့တယ်။ အဲဒီမှာ ဆိုင်ကယ်ရှိတဲ့သူတွေလည်း ရှိတော့ နာမည်အတိအကျနဲ့ စာရင်းယူလို့ မရဘူး။ ခန့်မှန်းခြေ ဆိုရင်တော့ သုံးပုံနှစ်ပုံလောက် တော့ ပြေးတယ်ဗျ”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ရိဒ်ခေါ်ဒါရ်မြို့ တပ်ကုန်းကနေ လက်နက်ကြီးတွေနဲ့ မြို့ပတ်ဝန်းကျင်ကို ပစ်ခတ်နေတယ်လို့ ပြောကြပါတယ်။ တိုက်ပွဲတွေနဲ့ လမ်းပန်းဆက် သွယ်ရေး အခက်အခဲတွေကြောင့် ကလေး - တီးတိန် - ရိဒ်ခေါ်ဒါရ် လမ်းတလျှောက် ယာဉ်စီးခဟာ အရင်ကျပ်နှစ်သောင်းကနေ အခုဆိုရင် ကျပ်တစ်သိန်းနီးပါးပေးရတဲ့အထိ အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ထုတ်ပြန်ချက်အရတော့ ချင်းပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရာသူတွေဟာ ဇန်နဝါရီ ၁၇ ရက်အထိ ၃၃,၈ဝဝ ဦးအထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။