ကန့်ဘလူမြို့နယ် ရွာငါးရွာက နေအိမ် ၁၀၀ ထက်မနည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ဉာဏ်အင်း၊ ရွာမ၊ အင်းလယ်ကြီး၊ သရက်တာ၊ အင်္ဂါထောင့် စတဲ့ကျေးရွာငါးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၃ ရက်ကနေ အောက်တိုဘာလ ၂၇ ရက် ဒီနေ့အထိ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်နဲ့ စပါးကျီ ၁၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့က ဉာဏ်အင်းရွာက အိမ် ၁၁ လုံးခန့်နဲ့ ရွာမရွာက အိမ် ၁၅ လုံးခန့် မီးရှို့ခံခဲ့ရတာဖြစ်သလို အောက်တိုဘာလ ၂၅ ရက်နေ့က အိမ်ခြေ တစ်ထောင်ခန့် ရှိတဲ့ အင်းလယ်ကြီးရွာကို ဝင်ရောက်ချိန်မှာတော့ ဒေသခံ ၁၃၀ ကျော်ရဲ့ နေအိမ်နဲ့ စပါးကျီတွေ မီးရှို့ခံခဲ့ရတာလို့ အင်းလယ်ကြီးရွာက ဒေသခံ တစ်ဦးက ပြောပါတယ်။
"အိမ်ကိုတော့ ကျနော်တို့က အလုံးရေတော့ မရေတော့ဘူး။ တချို့ဆိုရင် အိမ်တစ်လုံး တည်းနဲ့ စပါးတိုက်တို့၊ စပါးကျီတို့ သုံးလုံးလောက်ရှိတယ်လေ။ ၁၃၂ ဦးရဲ့ ပိုင်ဆိုင်မှုတွေ လောင်ခံရတာဗျ"
အောက်တိုဘာလ ၂၆ ရက် မနေ့ကတော့ အင်းလယ်ကြီးရွာမှာရှိနေတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ ကန့်ဘလူမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် - (၆၀၀၆) အမြောက်တပ်နဲ့ ပျုစောထီး ဆိုသူတွေ ပါဝင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့မှာပဲ သရက်တာနဲ့ အင်္ဂါဒေါင့်ရွာတွေက နေအိမ်တွေပါ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ နေအိမ်အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ ဦးအေးလှိုင်ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီကတော့ အရပ်သားတွေရဲ့နေအိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ယခင်က တုံ့ပြန်ထားပါတယ်။