မုံရွာမြို့နယ် ထနောင်းတောတောင်ရွာ မီးရှို့ခံရပြီး ဒေသခံ သုံးဦးသေဆုံး
2023.03.15

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို မတ်လ ၁၅ ရက်မနက် ၆ နာရီမှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အရပ်သားသုံးဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကြောင်း ပြန်ထွက်ခွာသွားလို့ ရွာထဲကို ဝင်ကြည့်တဲ့အခါ မီးလောင်သေဆုံးနေတဲ့ အသက် ၇၀ ကျော် အရပ်သား သုံးဦးရဲ့ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေဟာ ဦးထိန်လင်း၊ ဦးဌေးမောင်နဲ့ ဒေါ်ဂွမ်းပုံတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစီးနင်းမှုကြောင့် အနီးနားမှာရှိတဲ့ ရွာ ၁၀ ရွာက ဒေသခံ လူသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ထနောင်းတောတောင်ရွာအနီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာလို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသ ူဦးအေးလှိုင်ကတော့ ဒီဖြစ်စဉ်ကို သူမသိရှိသေးကြောင်းနဲ့ စစ်ကိုင်းတိုင်း တစ်ခုလုံးကတော့ တည်ငြိမ်မှု မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရလည်း စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။