မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံး
2024.12.27

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက တပ်ဖွဲ့ဝင် ခုနစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ကစပြီး မင်းတပ်မြို့သိမ်းဖို့ ချင်းညီနောင်စစ်ဆင်ရေး စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲကာလအတွင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက တပ်ဖွဲ့ဝင် ခုနစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကိုယ်အင်္ဂါဆုံးရှုံးရသူ နှစ်ဦးပါဝင်ပြီး သုံးဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့နဲ့အတူ ယောဒေသတော်လှန်ရေးတပ် (YDF) ၊ Yaw Army (YA) နဲ့ မုံရွာခရိုင်တပ်ရင်း (၃) တို့ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့မှာ မင်းတပ်မြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ (၂၇၄) ကို အပြီးသတ်သိမ်းပိုက်ပြီး မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂၃ ဦးလက်နက်ချခဲ့ပြီး ခလရ (၂၇၄) တပ်ရင်းကနေ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့အတူ မိသားစုဝင် ၁၆ဝ ဝန်းကျင်ကို ဖမ်းမိခဲ့တယ်လို့လည်း ချင်းညီနောင်အဖွဲ့က ပြောထားပါတယ်။
ဒီတိုက်ပွဲအတွက် အာရက္ခတပ်တော် (AA) က စစ်ကူ၊ စစ်လက်နက်ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာ အကြံဉာဏ်တွေ ကူညီပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ Yaw Army ကလည်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီ ဒေသလွတ်မြောက်ရေးနဲ့အတူ ယောဒေသပြည်သူတွေလွတ်မြောက်ရေးအတွက် မဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ရေးအရှိန်မြှင့်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပြီး အသက်ဆုံးရှုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို လေးစားဂုဏ်ပြုကြောင်း ကြေညာထားပါတယ်။