မုံရွာမြို့နယ် မင်္ဂလာကုန်းရွာသား ငါးဆယ်နီးပါး ဖမ်းဆီးခံရ
2023.12.01

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မင်္ဂလာကုန်းရွာအနီးမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာ ကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်ပြီးနောက် ရွာသား ငါးဆယ်နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက မင်္ဂလာကုန်းရွာအနီး ကျောက်စစ်ပုံ (တောင်)ရွာရှိ စစ်ကောင်စီအမြောက်တပ် ဂိတ်စခန်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူးတစ်ဦး သေဆုံးပြီးနောက်မှာ ရွာသားတွေ အခုလို အစုလိုက်အပြုံလိုက် အဖမ်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ညနေ ၅ နာရီလောက်မှာ အင်အား ငါးဆယ်ခန့်ရှိ စစ်ကောင်စီတပ်သားတွေ မင်္ဂလာကုန်းရွာထဲ သေနတ်ပစ် ဖောက်ဝင်ရောက်လာပြီး ရွာသား ငါးဆယ်ခန့်ကို ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။
"အနီးအနားမှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရွာကလူတွေကို ဖမ်းသွားတာ။ အရွယ်တွေကတော့ အစုံပဲဗျ။ ၁၅ နှစ် လောက်ကနေ သက်ကြီးပိုင်းတွေအထိ ဖမ်းသွားတာ။ လူအရေအတွက်ကတော့ တော်တော်များတယ်။ ဘယ်သူဘယ်ဝါ အတိအကျတော့ မသိရသေးဘူး။ စိတ်မနှံ့တဲ့သူ တစ်ယောက်ပါ ပါသွားတယ်တဲ့"
လက်ရှိမှာ သူတို့အားလုံးကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မင်္ဂလာကုန်းရွာဟာ အိမ်ခြေ နှစ်ရာကျော်ရှိပြီး စစ်ကောင်စီအမြောက်တပ် တပ်စွဲထားတဲ့ ကျောက်စစ်ပုံ (တောင်) ရွာနဲ့ မိုင်ဝက်ခန့်သာ ကွာဝေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) ရဲ့ လူမှုကွန်ရက်စာ မျက်နှာဖြစ်တဲ့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ နိုဝင်ဘာ ၂၉ ရက် ညနေ ပိုင်းက ကျောက်စစ်ပုံ အမြောက်တပ်နဲ့ မုံရွာမြို့ပေါ်ကစစ်သားတွေ ပူးပေါင်း၊ မင်္ဂလာကုန်းကျေးရွာကို သေနတ် ပစ်ဖောက်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူ သုံးဆယ်ခန့်ကို ဖမ်းဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။
အဖမ်းခံရသူတွေရဲ့ နာမည်နဲ့ အသက်အရွယ် အတိအကျသိရဖို့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။ နေအိမ် နှစ်လုံးနဲ့ ရွာသားတွေ ရိတ်သိမ်းထားတဲ့ နှမ်းပုံတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ပကဖအဖွဲ့က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် အရပ်သား နှစ်သောင်းနီးပါး နိုင်ငံတစ်ဝန်းက အကျဉ်းထောင်နဲ့ အချုပ်ထောင်တွေမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။