ရွေးကောက်ပွဲနေ့မှာ သပိတ်မှောက်ဖို့ သံဃာနှင့် ကျောင်းသားများ တိုက်တွန်း

ပြည်တွင်းထဲမှာ လျှို့ဝှက်လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗကသများအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက မဲဆန္ဒရှင်တွေအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြဖို့ မဲရုံတွေကို မဲသွားမပေးပါနဲ့ဆိုတဲ့ တိုက်တွန်း ကြေညာချက် ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

2010.11.04
anti-election_india_flag_305_z.png စစ်အစိုးရ၏ ရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် နိုဝင်ဘာ ၃ ရက်နေ့က ဆန့်ကျင်ဆန္ဒပြစဉ် စစ်အစိုးရ၏ အလံသစ်ကို သံဃာတပါး မီးရှို့ကန့်ကွက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ထုတ်ပြန်တဲ့ စာထဲမှာ စစ်အစိုးရဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်မပြုပဲ ပြည်သူ့ လိုလားချက်ကို တဖက်သတ် ဖျက်သိမ်းခဲ့ကြောင်း အဲဒီနောက် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြေညာချက်နဲ့ပတ်သက်ပြီး ဗကသများ အဖွဲ့ချုပ် က ကိုဇာနည်က ခုလိုပြောပါတယ်။

“မျှော်လင့်တာတော့ အကောင်းဆုံးကို မျှော်လင့်ထားပေမဲ့လည်း မဖြစ်လာခဲ့ဘူး ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာပါ။ သို့သော် ဒါသည် စစ်ကျွန်ဘဝကို တရားဝင် သွတ်သွင်းတဲ့ဟာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြည်သူကို တကဲ့ကို ပြတ်ပြတ်သားသား သတိပေးရမဲ့ တာဝန် ကျွန်တော်တို့မှာ ရှိပါတယ် ဗကသအနေနဲ့။” “အဲဒီ တာဝန်ကို ကျွန်တော်တို့ ဦးလည်မသုန် ထမ်းရွက်ခြင်း ဖြစ်ပါတယ်။ ဒီဟာရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ မအောင်မြင်ခြင်းဆိုတာကတော့ ကျွန်တော်တို့ လူထု လိုက်ပါမှု နှုန်းနဲ့ ကျွန်တော်တို့ရဲ့ ဆွဲဆောင်ရေးပေါ်မှာ အများကြီး မူတည်ပါတယ်။”

တဆက်တည်း ပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲကို ပါဝင်ခြင်းဖြင့် စစ်အစိုးရ စီစဉ်တဲ့ နိုင်ငံရေး ဇာတ်ပျက်ထဲမှာ သမိုင်းတရားခံ ဖြစ်သွားနိုင်ကြောင်း၊ ဒါ့အပြင် ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ အခြေအနေဖြစ်ကြောင်း မိမိပိုင် အသည်းကြားက မဲတပြားကို သဲထဲရေသွန် မလုပ်သင့်ပါကြောင်း ပန်ကြားထားပါတယ်။

ဒီအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက် လူရမ်းကား ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကို ဆန့်ကျင်ဒဏ်ခတ်ဖို့ ညီညီညွတ်ညွတ် သတ္တိရှိရှိ၊ မဲသွားမပေးပဲ သပိတ်မှောက်ဖို့ အလေးအနက် ပန်ကြားကြောင်း ရေးသားထားပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်ဆင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။