ရွေးကောက်ပွဲဆန့်ကျင်ဖို့ လှုံ့ဆော်စာတွေ ထွက်ပေါ်
2010.08.21

မဲမပေးဖို့ တိုက်တွန်း နှိုးဆော်ထားတဲ့ စာရွက်စာတမ်းတွေ ရရှိခဲ့တဲ့ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်အတွင်းက ဒေသခံတဦးက အခုလို ပြောပြပါတယ်။
“အိမ်မှာ ဆွမ်းခံကြွရင်းနဲ့ ဦးဇင်းက ပေးသွားတာ။ သိပ် အများကြီး များများစားစား မဟုတ်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ အဲ့ဒါလေးရယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံလေးရယ် အဲ့ဒါပဲ။ သိပ်မကြီးဘူး စာရွက်ဆိုက်က။ ဓာတ်ပုံလို ဟာမျိုးလောက်ပဲရှိတယ်။ ရေးထားတာတော့ အဲ့လိုမျိုး တချို့ဟာက စတစ်ကာ၊ တချို့ဟာက မိတ္တူစာရွက်တွေ။ ပြီးတော့ ခုနက ကျနော် ပြောတဲ့ဟာတွေ ရေးထားတယ်”
ရွေးကောက်ပွဲမှာ မဲမပေးပဲ ဆန့်ကျင်ကြဖို့ နိုးဆော်တဲ့ဒီစာတွေကို ရန်ကုန်တိုင်းအတွင်း တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားလူငယ်တွေက ဖြန့်ဝေခဲ့ကြတာလို့ သိရတဲ့အတွက် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရန်နိုင်ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းတဲ့ အခါမှာ သူတို့လူငယ်အဖွဲ့ဝင်တွေက သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းကတည်းက ဘုန်းကြီးကျောင်းတိုက်တွေမှာ ဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
”၂၀၁၀ ဆိုတဲ့ စာလုံးကို အနီရောင် ကြက်ခြေခတ် ပါမယ်။ အဲ့ဒီအပေါ်မှာ စာသားအနေနဲ့ မဲရုံကိုမသွားနဲ့ မဲမထည့်နဲ့ ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ ဆိုတဲ့ စာသားတွေပါတယ်။ အဲ့ဒါကတော့ အဓိက ကျနော်တို့ ၂၀ဝ၇ စက်တင်ဘာမှာ တက်ကြွလှုပ်ရှားခဲ့တဲ့ ကျောင်းတိုက်တွေကို အဓိက ထားပြီးတော့ ပစ်မှတ်ထားပြီးတော့ ဖြန့်ဝေခဲ့တာ ဖြစ်တယ်။ မနေ့က ကျနော်တို့ ညနေပိုင်း ၅ နာရီခွဲလောက်ကနေ စပြီး သာကေတ၊ ဒေါပုံ၊ တောင်ညွန့်၊ ပုဇွန်တောင်၊ သုံးခွ၊ သန်လျှင် မြို့နယ်တွေမှာ လုပ်ခဲ့တယ်။ သံဃာတွေဆီ ကျနော်တို့ ပို့ပေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သံဃာတွေကနေတဆင့် သူတို့ ဆွမ်းခံကြွနေတဲ့ ဒကာ ဒကာမတွေဆီ၊ သူတို့ကနေတဆင့် မတရားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ပြီးတော့ မဆောင်ရွက်ဖို့၊ မဲမပေးဖို့၊ ဆန့်ကျင်ကြဖို့ ဆိုတဲ့ မက်ဆေ့ သံဃာတွေကနေ တဆင့် ရောက်ရှိလိုတဲ့ ဆန္ဒလည်း ပါတယ်”
အခုလို နှိုးဆော်စာတွေ ဖြန့်ဝေရတာဟာ လာမယ့် စက်တင်ဘာလမှာ ကျရောက်မယ့် ၂၀ဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်း နှစ်ပတ်လည်အကြို လှုပ်ရှားမှုအနေနဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်သလို စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာလည်း တရားမျှတမှု မရှိတဲ့အတွက် ဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားခဲ့ကြတာ ဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုရန်နိုင်က ပြောပါတယ်။ သူတို့အဖွဲဟာ ၂၀ဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ စတင် ဖွဲ့စည်းခဲ့တဲ့ ကျောင်းသားလူငယ်တွေနဲ့ သံဃာတော်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။