ခင်ဦးမြို့နယ် မုံလှရွာ စီးနင်းတိုက်ခိုက်ခံရမှု အရပ်သားနဲ့ PDF ကိုးဦးသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာကို မြေပြင်နဲ့ ဝေဟင်ကနေ နိုဝင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက် နှစ်ရက်တာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရမှုမှာ ကလေးသူငယ် အပါအဝင် ကိုးဦးသေဆုံးပြီး နေအိမ် ၃၀၀ လောက် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အရပ်သားတွေထဲက အသက် ခုနစ်နှစ်အရွယ် ကလေး တစ်ဦး၊ အသက် ၅၀ အရွယ် ဒေါ်မြနဲ့ အသက် ၃၅ နှစ်ရွယ် ကိုဖိုးသောက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲကတော့ အသက် ၁၇ နှစ်ကနေ အသက် ၃၀ ကြားရှိကြတဲ့ ကိုတိုးတိုး၊ ကိုဝိုင်းချစ်၊ ကိုအနိုင်၊ ကိုအောင်အောင်ဦး၊ ကိုချစ်ထူးနဲ့ ကိုလှိုင်ဝင်းတို့ ဖြစ်ကြပါတယ်။
စီးနင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူ ဆယ်ဦးထက်မနည်းရှိခဲ့ပြီး သေဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့ မနက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဖြစ်တာကတော့ လေကြောင်းက ပစ်ခံရတာရယ်၊ အောက်က မြေပြင်က ဝင်ဖြစ်တဲ့အခါရယ် ပိတ်မိပြီးတော့ ဖြစ်ကြတာပေါ့။ ရဲဘော်တွေကို ဒီနေ့ပဲ သဂြိၤုလ်တယ်။ စစ်ကြောင်းကတော့ ဆက်ထိုးနေတုန်းပဲ”
မုံလှရွာကို မီးရှို့ဖျက်ဆီးမှုမှာ နေအိမ် ၃၀၀ အပြင် မုံလှရွာ အထက်တန်းကျောင်း အဆောင်သုံးဆောင်က အလယ်မှာရှိတဲ့ နှစ်ထပ်ကျောင်းဆောင် (သစ္စာဆောင်) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မုံလှရွာခံတစ်ဦးက ပြောပါတယ်။
“အထက်တန်းကျောင်းဆောင် သုံးဆောင်ရှိတာမှာ အလယ်က နှစ်ထပ်ဆောင်ကြီး အကုန်မီးလောင်သွားတယ်။ နံကပ်ပဲ ကျန်တယ်။ RC နဲ့ ဆောက်ထားတဲ့ အဆောင်ကကျတော့ အတွင်းထဲက စာသင်ခုံတွေ အကုန်လောင်သွားတယ်။ စိန်မိုက်ကယ် ဘုရားကျောင်းကိုတော့ အလယ်က တံးခါးသော့ကို ရိုက်ဖွင့်ပြီး ဘုရားကျောင်းထဲမှာ အကုန်ဝင်မွှေသွားတယ်”
မုံလှရွာမှာ အိမ်ခြေ ၃၀၀ မီးရှို့ခံရတာက ရွာကို ဒီနေ့မနက် ခဏဝင်ကြည့်ချိန်မှာ ခန့်မှန်းတွက်ချက်ထားတဲ့ အိမ်ခြေအရေအတွက်ဖြစ်ပြီး အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
မုံလှရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ ၁၁ နာရီခွဲလောက်မှာ မြင်းဒေါင်းရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တစ်ချို့ကို မီးစရှို့နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မုံလှရွာတစ်ရွာက ဒေသခံ ၃၅၀၀ လောက်ဟာ ဘေးလွတ်ရာ တောတောင်တွေ၊ စိုက်ခင်းယာခင်းတွေထဲကို ထွက်ပြေးနေရပြီး ဒီနေ့ထိ ရွာကိုပြန်ကပ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။
မုံလှရွာ အခြေအနေအပါအဝင် ခင်ဦးမြို့နယ်ထဲက စစ်ကြောင်းထိုးမှုအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလှုမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ အခုဖြစ်ရပ်တွေကို မသိရှိသေးကြောင်း ပြန်လည်ဖြေဆိုပါတယ်။
အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ မုံလှရွာဟာ အိမ်ခြေ ၂၀၀ ကျော်က ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီရွာဟာ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုနဲ့ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဘုန်းတော်ကြီး မာကုတင်ဝင်း တို့ရဲ့ဇာတိမြေလည်းဖြစ်ပါတယ်။
ခရစ်ယာန် ဘုန်းတော်ကြီးတွေဘက်ကတော့ ဒီကိစ္စနဲပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
ခင်ဦးမြို့နယ်ထဲမှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာ ၂၁ အထိ ရွာပေါင်း ၅၅ ရွာက နေအိမ်ပေါင်း ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၂၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။