မိုင်းလားကို ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါး
2016.10.30

မိုင်းလားအထူးဒေသ ၄ ဧရိယာမှာ အစိုးရတပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကြား စစ်ရေးတင်းမာနေတာကြောင့် မိုင်းလား မြို့အတွင်း လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ မရှိသလောက် နည်းပါးသွားတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ က ပြောပါတယ်။
အရင်က မိုင်းလားမြို့ပေါ်ကို နေ့စဉ် နိုင်ငံခြားဧည့်အဝင်အထွက် ရာနဲ့ချီရှိပေမယ့် ဒီရက်ပိုင်းအတွင်း ဧည့်သည်မရှိသလောက်ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း ရွြှေတိဂံဇုန် ဥက္ကဌဦးစိုးရွှေက ပြောပါတယ်။
"ကျနော်တို့ ရာဂဏန်းတွေ ရှိပါတယ်။ ရာဂဏန်းတွေ ရှိတယ်ဆိုတာက လာတဲ့သူက လာတယ်။ သွားတဲ့သူက သွားတယ်။ ဒါတွေကတော့ ။ အခု သိသလောက်တော့ မြို့ထဲမှာတော့ နည်းနည်း လူရှဲသွားတာပေါ့။ မိုင်းလားကတော့ ရဲှသွားတာပေါ့။ ဒီလိုကြားတယ်ဆိုတော့ ဘယ်ဝင်တော့မလဲ။ တရုတ်ဘက်ကလည်း ဘယ်အဝင်ခံတော့မလဲ။ မြို့ထဲမှာတော့ ခြောက်ကပ်သွားတယ်။" လို့ ပြောပါတယ်။
မိုင်းလားအထူးဒေသ(၄) ဧရိယာဖြစ်တဲ့ မိုင်းလားနဲ့မိုင်းမမြို့တွေကို ထိုင်း၊ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံသား တွေ လာရောက်လည်ပတ်တာများပြီး ဒေသတွင်း တရုတ်အစားအစာ၊ လူသုံးကုန်ပစ္စည်းတွေ ရောင်းဝယ်တာတွေ ရှိသလို ကာစီနို လောင်းကစားဝိုင်းတွေကို လာရောက်ကြသူတွေ များတယ်လို့ ပြောပါတယ်။
မိုင်းလားဒေသကို EP လို့ခေါ်တဲ့ ၁၃ ညအိပ် ၁၄ ရက် နေထိုင်ခွင့် ပါမစ်နဲ့ လာရောက်လည်ပတ်ကြ သူတွေရှိသလို ဗီဇာနဲ့ လာရောက်လည်ပတ်တဲ့ ဥရောပ ဧည့်သည်တွေလည်း ရှိတယ်လို့ သိရပါတယ်။
အစိုးရတပ်မတော်က မိုင်းလားအထူးဒေသ(၄) မှာ တပ်စွဲထားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ် မတော် UWSA တပ်တွေကို ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ညွန်ကြားထားပြီး စစ်ရေးတင်းမာတဲ့ အခြေ အနေတွေအရ ကျိုင်းတုံ-မိုင်းလား လမ်းကိုလည်း အခုလ ၂၃ ရက်နေ့က စတင်ပြီး ဖြတ်သန်း သွားလာ ခွင့်ပိတ်ထားပါတယ်။
စစ်ရေးတင်းမာမှုတွေကြောင့် လက်ရှိ မိုင်းလားဒေသကို ရောက်ရှိနေတဲ့ နိုင်ငံခြားဧည့်သည်တွေ ပြန်လည် ထွက်ခွာရာမှာ အစိုးရဘက်က စစ်ဆေးမှုတွေရှိနေ ပါတယ်။