မိုင်းလားမှာ တင်းကျပ်နေလို့ ရွှေ့ပြောင်းလုပ်သားတွေ အခက်တွေ့
ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ဆီ ဝင်ရောက်လာသူတွေကို မိုင်းလားမြို့ အာဏာပိုင်တွေက စစ်ဆေးရေးတွေ အရင်ကထက်ပိုပြီး တင်းကျပ်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တစ်ပြည်လုံးက ဆန္ဒပြတာ၊ ဝန်ထမ်းတွေက အာဏာဖီဆန်ရေး CDM လုပ်နေ တာတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးတာ၊ နေအိမ်တွေထဲအထိ လိုက်လံ ဖမ်းဆီးတာတွေလုပ်နေလို့ မိုင်းလားဘက် ရွှေ့ပြောင်းလာနိုင်တာမို့ မိုင်းလားအာဏာပိုင်တွေဘက်က စတင် တင်းကျပ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံကနေတစ်ဆင့် မိုင်းလားမြို့မှာလာပြီး စီးပွားရေးလုပ်နေတဲ့ တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေထံမှာ မြန်မာနိုင်ငံသားတချို့တို့ အလုပ်လုပ်ကြရပြီး သူတို့မှတ်ပုံတင်တွေ ကိုဗစ်ရောဂါ စစ်ဆေးထားတဲ့ ကျန်းမာရေးကတ်တွေကို အလုပ်ရှင်က သိမ်းထားတာကြောင့် အပြင်ထွက်ရင် စစ်ဆေးရေး တွေရှိနေလို့ အခက်တွေ့နေကြရပါတယ်။
မတ်လဆန်းပိုင်းကစပြီး မိုင်းလားမြို့ ဝင်ရောက်လာသူအများစုကို ကိုဗစ်ရောဂါ ရှိမရှိစစ်ဆေးဖို့ ကန့်သတ် စောင့်ကြည့်ရေး စင်တာမှာ လက်နဲ့ ခြေထောက်တွေကို သံကြိုးတွေနဲ့ခတ်ပြီး ထိန်းသိမ်းတာတွေ လုပ်လာနေသလို တချို့ကို ထောင်ချတဲ့အဆင့်အထိ လုပ်လာတယ်လို့ ပြောပါတယ်။
လက်ရှိမှာ မိုင်းလားကနေ ကျင်ရန်းဖက်အထွက် ကွာရန်တင်းစင်တာမှာ ထိန်းသိမ်းခံထားရသူဦးရေ ၇၀ လောက်အထိ ရှိနိုင်တယ်လို့ ပြောပါတယ်။
မိုင်းလားနဲ့ဝမ်ချိုဒေသမှာ မြန်မာနိုင်ငံအတွင်းက ရွှေ့ပြောင်းလုပ်သား သောင်းဂဏန်းလောက် အထိရှိပြီး ကိုဗစ်ကာလမှာ နေရပ်ပြန်သူတွေလည်း ရှိတယ်လို့ မိုင်းလာရောက် ရွှေ့ပြောင်းလုပ်သားအရေး ကူညီပေး နေသူတစ်ဦးက ပြောပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေအရေးနဲ့ ပတ်သက်ပြီး မိုင်းလားအထူးဒေသ ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်ရာမှာ ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရသေးပါဘူး။