မိုင်းလားနဲ့ ဝ ခေါင်းဆောင်တွေ ကို ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ
2016.07.29

၂၁ ရာစု ပင်လုံညီလာခံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေ နှစ်ဖွဲ့စလုံး တက်ရောက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းပြောလိုက်ပါတယ်။
နေပြည်တော် သင်္ဂဟဟိုတယ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာ လို့ နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
"ပထမတစ်ချက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေပြီးတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အစိုးရဆောင်ရွက်နေတဲ့အနေအထားတွေမှာ တိုင်းရင်းသားတွေပါဝင်ဖို့ ဒါကိုပြောပါတယ်၊ နောက် ၂၁ ရာစု ပင်လုံညီလာခံဆောင်ရွက်နေတဲ့ အခြေအနေမှာပါဝင်ဖို့ အဲ့ဒီဟာကိုပြောပါတယ်၊ နောက် နံပါတ်နှစ် အချက်ကတော့ အဲ့ဒီ အထူးဒေသ (၂) ဝ နယ်မြေ၊ အထူးဒေသ(၄) မိုင်းလားတို့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တလျှောက်အပေါ်မှာ သူတို့ရဲ့သဘောထားတွေ ရပ်တည်ချက်တွေပြောပါတယ်၊ အဲ့ဒီအပေါ်မှာ ကျနော်တို့ နံပါတ်သုံးအချက်ကတော့ ဒါတွေနဲ့ပတ်သက်လို့ ဒီနေ့ပွင့်ပွင့်လင်းလင်း ပြောကြတယ် ဆိုကြတယ်၊ ပြီးတာနဲ့ ကျနော်တို့ အသေးစိတ်ကိုတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်လက် ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်"
ဝနဲ့ မိုင်းလားအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံကို ယုံကြည်ကြောင်း ပြောပါတယ်။ ဒါ့အပြင် စေ့စပ်ညှိုနှိုင်းရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် မှာကို လက်ခံကြကြောင်း ဦးဇော်ဌေး က ပြောပါတယ်။
ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ဟာ ၂၁ ရာစုပ င်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆက်လက်ပြီး အေသးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့ ၂ ဖွ့ဲဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော် ဘုရင့်နောင် ရိပ်သာမှာလည်း ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
သြဂုတ်လကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေလည်း တက်ရောက် ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA က တာဝန်ရှိသူတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ တိုက်တွန်းပြော လိုက်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံအပေါ် ယုံကြည်ကြောင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းနဲ့ အကောင်အထည်ဖော်တာကို ထောက်ခံကြောင်း ဝ နဲ့ မိုင်းလား အဖွဲ့တာဝန်ရှိသူတွေက ပြောကြားခဲ့တယ် လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားပါတယ်။