အမျိုးသားတန်းတူရေး အမြန်ဖော်ဆောင်ပေးဖို့လိုအပ်
2012.09.01
သမ္မတ ဦးသိန်းစိန် အစိုးရကိုလည်း မွန်ပြည်သစ် ပါတီက အခုလို တိုက်တွန်းလိုကြောင်း နိုင်ဟံသာက ပြောပါတယ်။
"အစိုးရကိုလည်း ကျွန်တော် တိုက်တွန်းချင်တာက ပြည်တွင်း ငြိမ်းချမ်းရေး အရင့်အရင်က မအောင်မြင်ခဲ့တာ ဘာကြောင့်လဲ။ ဒါတွေကို ကြည့်ပြီးတော့မှ အရင်လမ်းစဉ်တိုင်း လိုက်လို့တော့ မဖြစ်တော့ဘူး။ နိုင်ငံရေးအရ ဘယ်လို ဖြေရှင်းကြမလဲ။ ဘယ်လို ဆွေးနွေးကြမလဲပေါ့ဗျာ။ အဲဒီလို အနေအထားမှာ မှန်မှန်ကန်ကန်နဲ့ သဘောထား ကြီးကြီးနဲ့ဆွေးနွေးစေချင်တယ်။ အဲဒီသဘောထားကို ဒါအစိုးရထဲမှာ မြန်မြန် ချမှတ်စေချင်တယ်"
မွန်အမျိုးသားတွေ အခုချိန်ထိ လက်နက်ကိုင်ပြီး ဆန့်ကျင်နေရတဲ့ အကြောင်းကိုလည်း နိုင်ဟံသာက ထပ်ရှင်းပြပါတယ်။
"ကျွန်တော်တို့မွန်အမျိုးသားတွေဟာ သမိုင်းကြောင်းအရ ထီးနဲ့နန်းနဲ့နေလာခဲ့တဲ့၊ ထင်ရှားခဲ့လူမျိုး၊ ကျွန်တော်တို့ဒီတော်လှန်ရေး လုပ်ရခြင်း အကြောင်းအရင်းကတော့ ကနေ့ အနေအထားမှာ ဘာမှ အမျိုးသားရေး ဆိုင်ရာ အခွင့်အရေး မရှိဘူး။ ကိုယ်ပြည်နယ်ပေါ်မှာလည်း ကိုယ်စီမံခန့်ခွဲပိုင်ခွင့် ဘာမှမရှိဘူးဆိုတဲ့ အနေအထားမျိုးမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဟာ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးဗျ။ အဲဒီတော့ စစ်မှန်တဲ့ ပြည်ထောင်စုကို ဖော်ဆောင်နိုင်ရင် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးတွေ ရမယ်။ နိုင်ငံအေးချမ်းမယ်။ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတတ်လာမယ်။ အဲဒါကို ကနေ့ပြည်သူတွေ အနေနဲ့ကော သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုအားလုံးက အမျိုးသား တန်းတူရေးကို အမြန်ဖော်ဆောင်ပေးဖို့လိုအပ်နေပြီလို့ ကျွန်တော်ကတော့ ပြောကြားလိုပါတယ်ခင်ဗျ"
မွန်အမျိုးသား တော်လှန်ရေးနေ့နဲ့ ပတ်သက်လို့ မွန်ပြည်သစ်ပါတီက ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ သူတို့ပါတီဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးရနိုင်ဖို့ စစ်အစိုးရ လက်ထက်မှာ အပစ်ရပ်ခဲ့သလို ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာလည်း အပစ်ရပ် သဘောတူညီနိုင်ဖို့ ကြိုစားခဲ့ကြောင်း၊ ဒါပေမယ့် တစ်တိုင်းပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်ရပ်ရေး ဖြစ်မလာသေးကြောင်း၊ ပြည်တွင်း နိုင်ငံရေး ပါတီတွေ အားလုံး ပါဝင်မယ့် ထပ်ဆင့် ဆွေးနွေးညှိနှိုင်းမှု လိုနေသေးကြောင်း သုံးသပ်ထားတာ တွေ့ရပါတယ်။