ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တိုင်းရင်းသားတွေ လက်မခံ
2011.08.18

democracy for burma
တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေရပ်ပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဗဟိုအစိုးရက ညွှန်ကြားထားပြီး ဖြစ်သလို၊ ဗဟိုအစိုးရက အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ပေးမယ်လို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ စီးပွါးရေး၊ လူမှုရေး နယ်ပယ်တွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က ပြောလိုက်တာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ UNFC အတွင်းရေးမှူး နိုင်ဟံသာက သူတို့ အဖွဲ့တွေ အနေနဲ့ တပေါင်းတစည်းတည်း တွေ့ဆုံ ဆွေးနွေးမှုပဲ လိုလားကြောင်း RFA ကို အခုလို ပြောပါတယ်။
"လက်နက်ကိုင် တော်လှန်ရေးက တပြည်လုံး အနှံ့ ဖြစ်နေတယ်။ အဲဒီအပေါ်မှာ ပြည်ထောင်စု အစိုးရ အနေနဲ့ တိကျတဲ့ မူ တခုခု ရှိဖို့ လိုတယ်။ ဟိုမှာ တမျိုး ဆွေးနွေးပြီးတော့ ဒီမှာ တမျိုး ဆွေးနွေးတာမျိုး မဖြစ်စေချင်ဘူး။ မဟုတ်ရင်တော့ ကျနော်တို့ကို ခွဲခြားပြီးတော့ တိုက်တဲ့နည်းတနည်းဘဲ ဖြစ်မယ်ဆိုတာကို ကျနော်တို့က သံသယတော့ ရှိနေတယ်ဗျ။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတယ်လေ၊ သူ့ရဲ့ အိတ်ဖွင့်ပေးစာမှာ။ ကျနော်တို့ သဘောထားကလည်း ကြိုဆိုတယ်။ ထောက်ခံတယ်။ သူတို့အနေနဲ့က သူတို့ အထက်စီးက ရထားတဲ့ အခြေခံဥပဒေနဲ့ ဘောင်ခတ်ပြီးတော့မှ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတယ် ဆိုတဲ့ဟာကတော့ တဖက်သတ် အပေါ်စီးယူတဲ့ သဘော ဖြစ်တယ်။ အဲဒီလို ပုံစံမျိုး မဖြစ်စေချင်ဘူး။"
ဒါ့အပြင် သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ပဲ ဆွေးနွေးရမယ် ဆိုရင် ပြည်နယ် အစိုးရတွေမှာ လုပ်ပိုင်ခွင့် အာဏာ အပြည့်အဝ မတွေ့ရဘူးလို့ နိုင်ဟံသာက ပြောပါတယ်။
စစ်အစိုးရ လက်ထက်က အပစ်ရပ်ခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၁၇ ဖွဲ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုပြီးတဲ့ နောက်မှာ စစ်အစိုးရက သူတို့ကို နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းဖို့နဲ့ တချို့အဖွဲ့တွေကို လက်နက်အပ်ဖို့ စီစဉ် ညွှန်ကြားလာတဲ့ အတွက် အဲဒီအဖွဲ့တွေက လက်မခံကြပဲ အပစ်ရပ် အခြေအနေတွေ ပျက်ပျယ်ခဲ့ကြတာပါ။
အဲဒီအဖွဲ့တွေထဲမှာ မွန်ပြည်သစ် ပါတီ၊ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA ၊ ရှမ်းပြည်တပ်မတော် SSA (N)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အဖွဲ့ DKBA တို့လည်း ပါဝင်ပါတယ်။
သမတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲက ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အစီအစဉ် အပေါ် တိုင်းရင်းသား အဖွဲ့တွေရဲ့ အမြင်တွေကို ဦးနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |