နိုင်ဟံသာကို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ်ရွေးချယ်

ကျော်လွင်ဦး
2020.01.06
nainghanthar-622.jpg မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာ ကို တွေ့ရစဉ်
Photo: RFA

မွန်ပြည်သစ်ပါတီဌာနချုပ်ဖြစ်တဲ့ ရေးချောင်းဖျားမှာ ၁၀ ကြိမ်မြောက် ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်း အဝေးကို ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်က စတင်ကျင်းပနေတာပါ။

မနေ့က အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နေရာအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို လျို့ဝှက် မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ပြီး အရင်ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ဥက္ကဋ္ဌဖြစ်လာသလို အထွေထွေအတွင်းရေးမှူး ဟောင်း နိုင်အောင်မင်းက ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့တဲ့အပြင် တခြားခေါင်းဆောင်ပိုင်းနေရာတွေပါ အပြောင်းအလဲ တွေရှိခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာတဲ့ နိုင်ဟံသာဟာ မွန်လူထုကြားမှာ ထောက်ခံမှုရရှိထားသူဖြစ်သလို ငြိမ်းချမ်း ရေးကိစ္စတွေကို အရင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကတည်းက စတင်ဆောင်ရွက်လာခဲ့ရာမှာ လက်ရှိ အချိန်ထိဆောင်ရွက်နေသူဖြစ်တာကြောင့် ငြိမ်းချမ်းရေးကိစ္စတွေမှာ အရင်ကထက်ပိုကောင်းလာမယ်လို့ မျှော်လင့်နေကြပါတယ်။

မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးထွန်းမြင့်ကျော်ကတော့ နိုင်ဟံသာဥက္ကဋ္ဌ ဖြစ်လာတာကြောင့် မွန်လူထုအတွက်အပြင် ငြိမ်းချမ်းရေးကိစ္စတွေမှာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်း လာမယ်လို့ ပြောပါတယ်။

“သူတက်လာတဲ့အတွက်ကြောင့် ပါတီအတွင်းမှာလည်း ပိုပြီးခိုင်မာအားကောင်းမှုရှိလာမယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ထဲထဲဝင်ဝင်ပါဝင်ပတ်သက်လာတဲ့သူဖြစ်တယ်၊ နောက်ပြီး EAO ကြားထဲမှာလည်း အထိုက်အလျောက် လေးစားခံရသူဖြစ်တဲ့သူဖြစ်တာကြောင့် မွန်တွေအတွက်ရော၊ EAOအတွက်ရော ကောင်းလာမယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ရော ပိုပြီးတော့ လုပ်ရကိုင်ရတာလွယ်လာမယ်လို့ ယူဆပါတယ်”

မွန်ပြည်သစ်ပါတီမှာ အရင်ကတည်းက ဥက္ကဋ္ဌအဖြစ် မဲစနစ်နဲ့ရွေးချယ်ပေမယ့် နိုင်ငံရေးအစဉ်အလာ၊ အသက် အရွယ်၊ အတွေအကြုံစတဲ့အချက်တွေနဲ့ စဉ်စားရွေးချယ်တာကြောင့် ဥက္ကဋ္ဌ ဖြစ်ပြီးသူ သေဆုံးမှသာ အပြောင်း အလဲဖြစ်လေ့ရှိပါတယ်။

ဒီတကြိမ်မှာတော့ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်ဟာ ကျန်းမာရေးအရ အနားယူလိုက်ပြီး ဥက္ကဋ္ဌအသစ် ခန့်လိုက်တာဟာ မွန်ပြည်သစ်ပါတီသမိုင်းမှာ ထူးခြားမှုတစ်ခုလို့ ဦးထွန်းမြင့်ကျော်က ပြောပါတယ်။

မွန်ပြည်သူတွေကြားမှာ ထောက်ခံမှုရရှိထားတဲ့ နိုင်ဟံသာ ဥက္ကဋ္ဌ ဖြစ်လာတာကြောင့် မွန်ပြည်သစ်ပါတီဟာ ပိုမိုအားကောင်းလာနိုင်သလို ထောက်ခံမှုတွေများလာနိုင်တယ်လို့ မွန်ပြည်သူတွေ၊ မွန်လူငယ်တွေက ယူဆနေကြပါတယ်။

နိုင်ဟံသာလက်ထက်မှာ လက်ရှိအချိန်မှာ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ပိုမိုဆောင်ရွက်နိုင်မယ်မျှော်လင့်ကြောင်း မွန်လူငယ်များနေ့ကို ဦးဆောင်ကျင်းပရေး ကော်မတီအဖွဲ့ဝင် မင်းဉာဏ်စိုက်ရာမာန် က ပြောပါတယ်။

“ကျနော့်အမြင်အရဆိုရင် အများကြီးပြောင်းလည်းလာမယ်လို့ မြင်တယ်၊ ဘာဖြစ်လည်းဆိုရင် နိုင်ဟံသာကို မွန်တမျိုးသားလုံးက ခေါင်းဆောင်အဖြစ်မှတ်ယူတယ်၊ လူထုရဲ့ထောက်ခံမှုလည်းရှိတယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျနော်ထင်တယ် ရှေ့တိုးလို့မရတဲ့ကိစ္စတွေ ပြေလည်သွားမယ်လို့ထင်တယ်”

နိုင်ဟံသာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မူဝါဒရေးရာဆွေးနွေးတဲ့အခါ သူ့ရပ်တည်ချက်၊ သူ့ယုံကြည်ချက် တွေနဲ့ ပတ်သက်ပြီး ခေါင်းမာသူဆိုပြီး တပ်မတော်အပါအဝင် လူတော်တော်များများက ထင်ကြေးပေးကြပါတယ်။

ဒါပေမဲ့ နိုင်ဟံသာဥက္ကဋ္ဌ ဖြစ်လာတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အရင်ကထက် ပိုပြီးအဆင်ပြေ မယ်လို့ ယူဆကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

“ကျနော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တာကတော့ ရှိရင်းစွဲ NCA ထိုးထားတဲ့ပေါ်မှာလည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တရားဝင်ပါသွားဖို့ ဆိုတဲ့နေရာမှာသော်လည်းကောင်း၊ ပိုပြီးအားကောင်းလာမယ် သဘောပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ ဆရာကြီးနိုင်ဟံသာက နိုင်ငံရေးဝါရင့်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း ပိုပြီးအားကောင်းမောင်းသန်ဖြစ်လာမယ်၊ အဲဒီလို့တော့ ကျနော်တို့မျှော်လင့်တာပေါဗျာ”

နိုင်ဟံသာ ဥက္ကဋ္ဌ တာဝန်ယူမယ့် မွန်ပြည်သစ်ပါတီဟာ အရင်က နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ အပါအဝင် မွန်တိုင်းသားတွေနဲ့ ဆက်ဆံရေးပိုကောင်းလာမယ်လို့ထင်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း က ပြောပါတယ်။

“မွန်ပြည်သစ်ပါတီမှာလည်း ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့လိုမယ်လို့ထင်တယ်၊ ဟိုတလောကဘဲ ဘုရားသုံးဆူ ဘက်မှာ တိုက်ပွဲဖြစ်တဲ့ကိစ္စတွေရှိတယ်လေ၊ နောက်တခုကကျတော့ မွန်ပြည်သစ်ပါတီကသတ်သတ်၊ ကျန်တဲ့ ဒီမှာရှိတဲ့မွန်ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကသပ်သပ် သဘောမျိုးလို့ပေါနော်၊ ဒါမျိုးတွေဖြစ်နေတာ ကျနော်တွေ့တယ်၊ ပိုပြီးတော့ စည်းရုံးရေးချဲ့မယ်ဆိုရင် တောတွင်းအလုပ်တွေထက်စာရင် မြို့ပေါ်ကအရပ်ဘက် အဖွဲ့တွေ၊ ကျန်တဲ့အင်အားစုတွေနဲ့ ဆက်ဆံရေး ပိုလိုမယ်ထင်တယ်”

မွန်ပြည်သစ်ပါတီဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုလို ခေါင်းဆောင်းပိုင်း အပြောင်းအလဲဖြစ်သွားတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်ကတည်းက ဥက္ကဋ္ဌ နိုင်ရွှေကျင်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး ဗဟိုဦးစီးစနစ်နဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်ကစပြီး လေးနှစ်တစ်ကြိမ် ဗဟိုညီလာခံကျင်းပရွေးချယ်ခဲ့ရာ နိုင်ဟံသာဟာ ငါးယောက် မြောက် ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီမှာ လက်နက်ကိုင်စစ်သည်  ၈၀၀၊ အရန်အင်အား ၂ဝဝဝ  ရှိမယ်လို့ နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ BNI က ၂၀၁၉ ဧပြီလမှာ ထုတ်ဝေတဲ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။