လူထုတွေ့ဆုံပွဲတွေကို မတ်လအတွင်း မွန်ပြည်သစ် ကျင်းပမည်
2018.02.20

မွန်ပြည်သစ်ပါတီက လူထုတွေဆုံပွဲတွေကို လာမယ့်မတ်လအတွင်း မွန်လူမျိုးတွေအများဆုံးနေထိုင်တဲ့ မွန်၊ ကရင်၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့မှာ ကျင်းပသွားမယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ဒီနေ့ ပြောပါတယ်။
လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပခင် အကြိုလူထုတွေ့ဆုံပွဲတွေကို ကျင်းပသွား မှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှ က ပြောပါတယ်။
"ကျနော်တို့ ပြည်သူလူထု တွေ့ဆုံပွဲတွေတော့ အဲဒါမတိုင်ခင်တော့ လုပ်ကြမှာပေါ့။ မြို့နယ်အလိုက်ကျတော့ ကြာအင်းဆိပ်ကြီးမှာ တစ်နေရာ၊ နောက် ရေး မှာ၊ နောက် ရန်ကုန်နဲ့ ပဲခူး။ အဲဒါ လူထု တွေ့ဆုံပွဲပေါ့လေ"
မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မော်လမြိုင်မြို့ ဒါမှမဟုတ် ရေးမြို့တို့မှာ ကျင်းပခွင့်ရဖို့ စီစဉ်ထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ထံ တင်ပြ ထားတယ်လို့လည်း ပြောပါတယ်။
မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ရက်နေ့က အစိုးရနဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးထား တာဖြစ်ပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပခင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
မွန်လူထုတွေ့ဆုံပွဲတွေကို အဆင်ပြေပြေ ကျင်းပနိုင်ရေး အကူအညီပေးဖို့အတွက် NCA မှာ လက်မှတ်မထိုးခင် ဇန်နဝါရီလ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။