နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ ကြေညာချက်ထုတ်
2018.05.07

မွန်လူမျိုးတွေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တစ်တပ်တစ်အားပါဝင်သွားမှာဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့်လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းသွားမယ်လို့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နောက်ဆုံးနေ့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး က အခုလို ပြောပါတယ်။
"အနှစ်ချုပ်က ဘာလဲဆိုတော့ ကျနော်တို့ မွန်လူမျိုးအနေနဲ့ ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ လမ်းကြောင်းပေါ် မသွေဖယ်ဘဲနဲ့ ဆက်လက်လျှောက်လှမ်းသွားမယ်၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့လည်း အနှစ်ချုပ်မှာပါပါတယ်"
ဆွေးနွေးပွဲကို တက်ရောက်လေ့လာတဲ့ KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က NCA မှာ လက်မှတ် မရေးထိုးနိုင်သေးပေမယ့် ပြင်ဆင်သင့်တာတွေပြင်ဆင်နိုင်ဖို့၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးပွဲတွေကျင်းပပြီး ပြည်ထောင်စုအဆင့်မှာ အခြေခံမူ ကွဲလွဲမှုတွေနည်းအောင် ပြင်ဆင်သင့်တာတွေ ပြင်ဆင်လို့ရအောင် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာရောက်လေ့လာတာလို့ ပြောပါတယ်။
"ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုတာတူတယ်၊ ဒါပေမဲ့ ဒီလိုသွားဖို့ဆိုတဲ့နေရာမှာ အခုလို အမျိုးသား အဆင့်ဆွေးနွေးပွဲတွေ ကျင်းပပြီးတော့မှ ပြည်ထောင်စုအဆင့်တွေမှာ ဆွေးနွေးတဲ့အခါမှာ ကျနော်တို့ကြားမှာ သဘောထားတွေ အခြေခံမူတွေ ကွဲကွာလို့မရပါဘူး၊ ဒီလိုရှိတဲ့အတွက် ကျနော်တို့မှာလည်း ပြင်နေတဲ့နည်းတူ ဒီဘက်မှာပြင်နေတဲ့ကဏ္ဍများနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လာလေ့လာတာဖြစ်ပါတယ်၊ လာလေ့လာတာနဲ့ NCA ထိုးတာနဲ့ သီးခြားဆီ စဉ်းစားစေချင်တယ်"
ဒီနေ့ ဆွေးနွေးပွဲကို ကယားပြည်နယ်မှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အပြင် ကယန်းပြည်သစ် ပါတီ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ ကရင်နီပြည် ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ စတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ၊ လူငယ်နဲ့ အမျိုးသမီး အရပ်ဖက်အဖွဲ့တွေ တက်ရောက်လေ့လာခဲ့ကြပါတယ်။
၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီတို့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။
ရေးမြို့နယ်မှာ မေလ ၅ ရက်နေ့ကနေ ၇ရက်နေ့အထိ ၃ရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး လူဦးရေ ၉ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
၃ ရက်ကြာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မွန်လူမျိုးကို ကိုယ်စားပြုနိုင်တဲ့ စာတမ်းတွေ ပြုစုနိုင်ခဲ့ပြီး အဲဒီစာတမ်းတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ထံ တင်ပြကာ လာမယ့် မေလကုန်မှာ ပြုလုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တင်သွင်းသွားမယ်လို့သိရပါတယ်။