မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး ဆွေးနွေး
2018.04.02

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပခင် ဆောင်ရွက်မယ့် လူထုတွေ့ဆုံပွဲကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ ငြိမ်းချမ်းရေးကော်မရှင်၊ မွန်ပြည်နယ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီကြား တွေ့ဆုံဆွေးနွေးရာမှာ ပြေလည်မှုမရရှိခဲ့ဘူးလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။
ဒီနေ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲ ကြီးကြပ်မှုကော်မတီ အစည်းအဝေး ကျင်းပခဲ့တာလို့ အစည်းဝေးတက်ရောက်ခဲ့တဲ့ မွန်အမျိုးသားပါတီက ဦးမင်းဇေယျာဦး က ပြောပါတယ်။
“ညှိနှိုင်းတာတော့ ညှိနှိုင်းကျတယ်၊ ဒါပေမဲ့ ကျနော်တို့ ဆုံးဖြတ်ချက်တော့ မကျဘူး။ စဉ်းစားချက်တွေတော့ ထွက်လာတာပေါ့။ တဖက်နဲ့ တဖက် နားလည်မှုလေး နည်းနည်းလေးလွဲနေကျတဲ့ ပုံသဏ္ဍာန်တော့ရှိတယ်။ မွန်ပြည်သစ်ပါတီပြောတဲ့ လူထုတွေ့ဆုံပွဲဆိုတာက အမျိုးသားအဆင့်နဲ့ သက်ဆိုင်တဲ့တွေ့ဆုံပွဲ မဟုတ်ဘူးဗျ။ တိုင်းရင်းသားပြည်နယ်တွေမှာဖြစ်ခဲ့တဲ့ လုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲဆိုတာက အမျိုးသားအဆင့်ရဲ့ အကြိုဆွေးနွေးပွဲ ပုံစံမျိုး စဉ်းစားနေတဲ့ပုံစံမျိုး အစိုးရဘက်က အဲဒီလိုစဉ်းစားချက်တော့ရှိပါတယ်”
လူထုတွေ့ဆုံပွဲတွေကို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေ ၅ နေရာမှာ ကျင်းပဖို့အတွက် အစိုးရဘက်က သဘောတူပေမယ့် လူထုတွေ့ဆုံပွဲကို တက်ရောက်မယ့် လူဦးရေ အရေအတွက်နဲ့ ပတ်သက်ပြီး နှစ်ဖက်ကွဲလွဲချက်တွေ ရှိနေတာဖြစ်ပါတယ်။
အစိုးရဘက်က ဆွေးနွေးပွဲတစ်ခုမှာ လူဦးရေ ၄၀ ခန့်အထိခွင့်ပြုပြီး မွန်ပြည်သစ်ပါတီဘက်က လူဦးရေ ၂၅၀ ခန့်အထိ ဖိတ်ကြားလိုတာဖြစ်ပါတယ်။
မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဒီနေ့ အစိုးရနဲ့ မွန်ပြည်သစ်ပါတီကြား ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးကျင်းပ ပြီးနောက်မှာ အစိုးရထံ အကြောင်းပြန်ကြားပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး လူထုတွေ့ဆုံပွဲတွေ မကျင်းပနိုင်သေးတာကြောင့် အခုလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ လျာထားမှုကို ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။