မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်


2018.05.05
nmsp-national-political-dialogue-622.jpg မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂ဝ၁၈ ခုနှစ် မေလ ၅ ရက်နေ့က ရေးမြို့မှာ ကျင်းပစဉ်
Photo: Kyaw Lwin Oo/RFA

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှု စားပွဲဝိုင်းတွေ ကနေ အဖြေရှာဖို့ NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဖိတ်ခေါ်လိုက်ပါတယ်။

ဒီနေ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စတင်ကျင်းပတဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေါက်တာ တင်မျိုးဝင်းက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

"တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း NCA မှာ ပါဝင်လက်မှတ်ရေးထိုးပြီးတော့ အခုလို နိုင်ငံရေး ဆွေးနွေးမှု၊ စကားဝိုင်း စားပွဲဝိုင်းတွေကတဆင့် နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ အဖြေရှာ ညှိနှိုင်းပြီး ကျနော်တို့ရဲ့ နောင်လာမယ့် အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံကောင်းများကို လက်တွဲဖော်ဆောင်ပေးကြဖို့ ဒီနေရာကနေ ကျနော် ဖိတ်ခေါ်ပါရစေ။ လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့လည်း လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို NCA မှာထိုးပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ပေးကြဖို့ ဝိုင်းဝန်းပြီးတော့ တိုက်တွန်းပေးကြပါလို့"

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီတွေ ဦးဆောင်ကျင်းပတဲ့  "မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ" ကို မေလ ၅ ရက်နေ့ ဒီနေ့ကနေ ၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ဖိတ်ကြားထားတဲ့ ဧည်သည်တွေနဲ့ လေ့လာသူတွေ လူတစ်ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတဆိုတဲ့ ခေါင်းစဉ် လေးခုနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီ ၆ ခုမှာ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ၃ ကြိမ်၊ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲက ၃ ကြိမ်နဲ့ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲက ၂ ကြိမ် ကျင်းပပြုလုပ်ပြီးပြီလို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။