ကျောက်မျက်ဈေး ဆောက်လုပ်ရေး မိုးကုတ်မြို့ခံများ ဆန္ဒပြ
2015.01.11

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာရှိတဲ့ မိုးကုတ် အင်းအစပ်က မုံကွင်းမှာ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း က ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ အတွက် ပြင်ဆင်နေတာကို မြို့ခံ ၁ဝဝဝ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြ ပါတယ်။
ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ရုံးခန်းဆောက် လုပ်ဖို့အတွက် မုံကွင်းမှာ ပန္နက်ရိုက်နေတာကြောင့် အဲ့ဒီရုံးခန်းကို ရွှေ့ပြောင်းဆောက်လုပ်ဖို့နဲ့ ကျောက် မျက်ဈေးကို ကန့်ကွက်ကြောင်း ဆန္ဒပြတာဖြစ်တယ်လို့ စိမ်းလန်းမိုးကုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌ ဦးစိုးမြင့်က ပြောပါတယ်။
"သူတို့ကကျတော့ အသင်းရုံးက ၂ဝ၁၅ ဇန်နဝါရီ ၄ ရက်နေ့မှာ ပန္နက်ဝင်ရိုက်တယ်ဗျ၊၊ ပန္နက် ဝင်ရိုက်တဲ့အတွက် မြို့လူထုက တော်တော်လေး ဆူညံသွားတယ်၊ အဲ့အပေါ်မှာ မကျေနပ်ကြဘုူး၊ သူတို့က ရှေ့တိုးပြီးတော့မှ ပန္နက်ရိုက်တဲ့အတွက် မြို့လူထုကနေပြီးမှ ဒီအသင်းအစည်းအရုံးကြီးကို တခြားနေရာမှာ ရွှေ့ပြောင်းဆောက်လုပ်ဖို့အတွက် ကျနော်တို့ ကန့်ကွက်ဆန္ဒပြတာပါ"
၁၃ ဧကအကျယ်ရှိတဲ့ မုံကွင်းထဲမှာ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ကျောက်မျက်အသင်းရုံး၊ ဟိုတယ်၊ စားသောက်ဆိုင်တန်းနဲ့ ကျောက်မျက်ဆိုင်ခန်းတွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြဖို့အတွက် ကျောက်မျက်ဈေး ဆောက်လုပ်မယ့် အပေါ် ကန့်ကွက်တဲ့လက်မှတ်တွေကို ကောက်ယူခဲ့ကြတယ်လို့လည်း သိရပါတယ်။