တိုင်းနဲ့ပြည်နယ်ရှစ်ခုက နေရာတချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလသတိပေး

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့ညကနေ ၂၆ ရက်နေ့အတွင်း ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေကနေရာတချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာတာကြောင့် ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ပေါ်နိုင်လို့ သတိထားကြဖို့နဲ့ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်တွေအနေနဲ့ကြိုတင်သတိပြုဖို့ အသိပေးထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတမ်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာမိုးသက်လေပြင်းကျပြီး လှိုင်းအလွန်ကြီးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
တစ်နာရီကို လေ ၅၅ မိုင်ကနေ ၆၀ အထိ တိုက်ခိုက်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာတော့ မိုးသက်လေပြင်းကျလို့လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်းက တစ်နာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ အထိရှိနိုင်တယ်လို့ ဆိုပါတယ်။
လှိုင်းအမြင့်ဟာမြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၁၃ ပေကနေ ၁၆ ပေအထိရှိနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၉ ပေကနေ ၁၁ ပေအထိရှိနိုင်တယ်လို့ ပြောပါတယ်။