ပဲခူးရေကြီးမှု မိုးတိတ်သွားတာကြောင့် ရေအနည်းငယ်ပြန်ကျလာ

RFA Burmese
2023.10.11
ပဲခူးရေကြီးမှု မိုးတိတ်သွားတာကြောင့် ရေအနည်းငယ်ပြန်ကျလာ ပဲခူးမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံခဲ့သည့် ပဲခူးမြို့အဝင်တစ်နေရာကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
RFA

ပဲခူးမှာ သုံးရက်ကြာရေကြီးနေတာ အောက်တိုဘာလ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ရေအနည်းငယ် ပြန်ကျလာနေပြီး ပဲခူးမြို့လယ်မှာ ဆိုင်ကယ်နဲ့ ကားတွေ သွားလာနိုင်တဲ့ အခြေအနေရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့အခြေစိုက် မေတ္တာရွှေစင် ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ တချို့နေရာတွေမှာ သုံးပေအထိ ရေကျသွားပြီလို့ RFA ကို ဒီကနေ့ပြောပါတယ်။

"မိုးမရွာတော့ဘူး။ မိုးမရွာလို့ကျသွားတာ၊ မိုးရွာရင် မကျဘူး။ မြေပြင်အနေအထား အရတော့ သုံးပေလောက် ကျသွားပြီ။ မြို့ထဲလမ်းမမှာတော့ ရွှေမော်ဓောတို့ ဘာတို့ သွားလို့ရနေပြီပြောတယ်"

ပဲခူးမြစ်ကမ်းတစ်လျှောက်ရှိနေတဲ့ အထက်ဇိုင်းဂနိုင်းကြီးအုပ်စုမှာလည်း အိမ်တစ်လုံး အမြင့်ထိ မြုပ်နေတဲ့ရေဟာ တစ်ပေခွဲခန့် ကျသွားပြီး ရွာကို လူမှုကူညီရေးအဖွဲ့တွေ အကူအညီလာပေးတော့မယ်လို့ အဲဒီမှာရှိတဲ့ ဒေသခံက RFA ကို ပြောပါတယ်။

မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကျွန်းသာယာ၊ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ကလျာဏီ အပါအဝင် ရပ်ကွက်တချို့နဲ့ ရွာတွေမှာတော့ ရေနစ်မြုပ်နေဆဲဖြစ်ပြီး လူမှုကူညီရေး အဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့က လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာ စိုးရိမ်ရေမှတ်အထက် လေးပေကျော်ရောက်နေတဲ့ ပဲခူးမြစ်ရေဟာလည်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် အထက် သုံးပေကျော်ပြန်ရောက်ပြီး တစ်ပေခန့် လျော့သွားတာ တွေ့ရပါ တယ်။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စာရင်းအရ ပဲခူးရေကြီးမှုမှာ ရေဘေးသင့်ပြည်သူ နှစ်သောင်းခန့်ရှိပြီး ရပ်ကွက် ၁၂ ခုနဲ့ ရွာ ရှစ်ရွာ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။