ပဲခူးမြို့က ရေဘေးဒုက္ခသည်တွေနဲ့ သမ္မတ တေ့ွဆုံ
2018.07.28

ရေဘေးဒဏ်ခံနေရသူတွေ အားမလျှော့ပဲ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး အခက်အခဲတွေကို ကျော်လွှား ကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပဲခူးမြို့မှာ ရေဘေးဒုက္ခသည်တွေနဲ့ တေ့ွဆုံစဉ် ပြောကြားခဲ့ပါတယ်။
ပဲခူးမြို့ သာသနာ့ဗိမာန်မှာ ရွှေ့ပြောင်းနေရတဲ့ ရေဘေးဒုက္ခသည်တစ်ထောင်ကျော်နဲ့ ဒီနေ့တေ့ွဆုံစဉ် သမ္မတ ဦးဝင်းမြင့်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
"အခုလိုအချိန်မျိုးမှာ တွေ့ရတာ ကျနော် ဝမ်းမသာနိုင်ပါဘူး ဒါတကယ့် ကျနော့်ရဲ့ စိတ်ရင်းအမှန်ပါ၊ သဘာဝဘေး အန္တရာယ်ဆိုတာကတော့ မိဘပြည်သူတွေ သိတဲ့အတိုင်းပဲ ကြိုတင်လည်း မြင်နိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး ဖြစ်လာလို့ရှိရင်လည်း ရှောင်လွှဲလို့ မရဘူး သို့သော် အဲဒီလိုဖြစ်တဲ့အချိန်ကနေပြီးတော့ ကျနော်တို့တွေ ဘာပဲပြောပြော စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တစ်ယောက်နဲ့ ဖေးမကူညီပြီးတော့ တစ်ပိုင်တစ်နိုင် တစ်တပ်တစ်အားလေးတွေနဲ့ ကျော်လွှာလို့ ရပါတယ်၊ ကျနော်တို့တွေဟာ အခက်အခဲ အကျပ်အတည်းတွေကို ကြုံကြရပါတယ် အဲဒီလို အခက်အခဲ အကျပ်အတည်းတွေ ကြုံလာလို့ရှိရင် မိဘပြည်သူတွေအနေနဲ့ စိတ်ပျက်ခြင်းအားငယ်ခြင်း စိတ်လျှော့ခြင်းလုံးဝမရှိကြပါနဲ့ စိတ်လျှော့ပြီး အားငယ်နေတာဟာ ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ဖို့အဟန့်အတားဖြစ်ပါတယ်"
ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့လည်း ရေဘေးဒုက္ခသည်တွေကို မှာကြားခဲ့ပါတယ်။
ပဲခူးမြို့မှာ ပဲခူးမြစ်ရေတက်လာတာကြောင့် အိမ်ခြေ ၄ထောင်ကျော် ရေနစ်မြုပ်ပြီး လူဦးရေ ၂ သောင်းကျော် ရေဘေးဒဏ်ခံနေရပါတယ်။
အဲဒီထဲက ပဲခူးမြို့ သာသနာ့ဗိမာန်မှာရှိနေတဲ့ လူဦးရေ ၁ ထောင်ကျော်အတွက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အလှူငွေ ပေးအပ်ခဲ့ပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လွှတ်တော် ကိုယ်စားလှယ်တွေလည်း သမ္မတနဲ့အတူ လိုက်ပါခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ပဲခူးတိုင်းခရီးစဉ်အတွင်း သွားရောက်ကြည့်ရှုတာတွေကို သတင်းမီဒီယာတွေ ဝင်ရောက် သတင်းယူခွင့် ကန့်သတ်ထားပါတယ်။