မုန်တိုင်းကြောင့် ရခိုင်မှာ ဒီရေ တက်နိုင်
2017.05.28

ဘင်္ဂလားပင်လယ်အော်မှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ရောက်ရှိနိုင်တဲ့အပြင် ရခိုင်ကမ်းရိုးတန်း အနီးကနေ ဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဝင်ရောက် မှာဖြစ်တဲ့အတွက် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ လိမ္မော်ရောင်အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။
အဲဒီ မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းဒေသမှာ လေပြင်းတိုက်တာတွေ၊ မုန်တိုင်း ဒီရေတက်တာတွေဖြစ်နိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"ဝင်တာကတော့ ဘင်္ဂလားဒေ့ရှ်ကို ဝင်မှာပေါ့နော်၊ မုန်တိုင်းက နည်းနည်းလေး အားကောင်းတဲ့ အနေ ထားလေးရှိတယ်ပေါ့နော်၊ ရခိုင်ကမ်းရိုးတန်းကတော့ မုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေတာပေါ့။ ထုတ်ပြန်ချက်မှာတော့ ကျနော်တို့ လိမ္မော်ရောင်အဆင့်တင်ထားပါတယ်၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် အထိ အားကောင်းလာနိုင်တဲ့ အနေထားရှိတယ်။ ပြီးသွားရင် ၃၀ ရက်နေ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေ ကို ဖြတ်မယ့် အနေအထားရှိပါတယ်။ မုန်တိုင်းကမ်းကို ဖြတ်တဲ့အချိန်မှာပေါ့ မြန်မာနိုင်ငံဘက်ထဲမှာ ရခိုင်ကမ်းရိုးတန်း တလျှောက်ကနေပြီး သွားနေတဲ့အချိန်မှာရော နောက်ပြီးတော့ မုန်တိုင်းကမ်း ကို ဖြတ်တဲ့အချိန်မှာရော လေပြင်းတိုက်တာတို့ မုန်တိုင်းဒီရေတက်တာတို့တော့ ဖြစ်နိုင်တယ်"
အခုဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့ကနေ နောက် ၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး ၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ဒေသ အလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း သတိပေးထား ပါတယ်။
အဲဒီလို လေပြင်းတိုက်တာ၊ မိုးကြီးတာတွေကြောင့် မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ငယ်ချောင်းငယ်တွေမှာ ရေကြီးရေ လျှံတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိထားဖို့လည်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။
ဒါ့အပြင် ပြည်တွင်းလေကြောင်းတွေ၊ မြန်မာ့ဆိပ်ကမ်းတလျှောက်မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့လည်း ကြိုတင်သတိပြုနိုင် ဖု့ိလည်း သတိပေးထားပါတယ်။