မိုးဗြဲမြို့နယ် လယ်သိမ်းခံရမှု ဒေသခံ ၂၀၀ ခန့် ဆန္ဒပြ
2014.02.05

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲဒေသမှာ တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၇၀၀ ကျော်ပြဿနာကို ဖြေရှင်းပေးဖို့အတွက် ရာနဲ့ချီတဲ့ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။
အဲ့ဒီလယ်ယာမြေဧက ၇၀၀ ကျော်ကို ၁၉၉၂ ခုနှစ်လောက်က ခမရ ၄၂၂ က သိမ်းယူခဲ့ပြီး အခုလက်ရှိ အစိုးရဌာနဆိုင်ရာတွေနဲ့ ဒေသပြည် သူ့စစ်တွေကို သီးစားချထားပေးတယ်လို့ သိရပါတယ်။
တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေပြဿနာတွေ ဖြေရှင်းပေးဖို့ တင်ပြထားပေမယ့် ဖြေရှင်းပေးတာ မရှိတဲ့အတွက် ဒီနေ့ ဆန္ဒပြတာဖြစ်တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးခန့်က ပြောပါတယ်။
“ကျနော်တို့ မြေသိမ်းခံလို့ မွဲတေသွားပြီးတော့မှ လမ်းပေါ်ထွက်တာ၊ သမ္မတကြီးလည်းသိအောင်၊ ကမ္ဘာကြီးလည်း သိအောင်ဆိုပြီးတော့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်၊ ကျနော် တို့ မြေသိမ်းခံဘက်ကို ရပ်တည်ပေးတဲ့ ဘယ်ဌာနဆိုင်ရာမှ မရှိပါဘူး၊ ဘယ်သူမှရပ်တည်ပြီးတော့ မတောင်းဆိုပေးခဲ့ဘူး၊ ကျနော်တို့ ကိုယ်ထူကိုယ်ထတောင်းဆိုလာခဲ့တာလည်း ကြာပြီ”
အဲ့ဒီလယ်ယာမြေ ပြဿနာနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတရုံးနဲ့ ဌာနဆိုင်ရာအဆင့်ဆင့်ကို ဒေသခံတွေက စာရေးသား တင်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုမိန့်နဲ့ ကျင်းပတာဖြစ်ပြီး ဒေသခံတောင်သူလယ်သမား နှစ်ရာနီးပါး ပါဝင်ဆန္ဒပြခဲ့ပါတယ်။