မိုးကောင်းမြို့နယ် ဆားမှော်ရွာခံ ၁၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထား
2024.04.01

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာက အုပ်ချုပ်ရေးမှူး မတ်လ ၃၁ ရက်နေ့ မနေ့ကဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရွာထဲမှာလိုက်လံစစ်ဆေးပြီး ဘာသာရေးဆရာနှစ်ဦးအပါအဝင် ရွာခံ ၁၄ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ညနေ ၃ နာရီခန့်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ကို အမည်မသိလူတစ်စုက ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်က ရွာထဲကိုဝင်ပြီး အခုလိုဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အခုထိတော့ တစ်ယောက်မှ မလွတ်သေးဘူး။ အဆက်အသွယ်လည်း မရဘူး။ ခလရ (၁၀၅) မှာ ရှိနေတယ်လို့ သိရတယ်။ ဖမ်းတဲ့ဟာက မိုးကောင်းက စစ်သားတွေရော ပြည်သူ့စစ်တွေရော ပါတယ်။ ဘာသာရေးဆရာနှစ်ဦးပါသွားတယ်။ ICM (လွတ်လပ်သော တိုင်းရင်းခရစ်ယာန်) ကတစ်ဦး၊ KBC (ကချင်နှစ်ခြင်းခရစ်ယာန်) တစ်ဦး”
အဲဒီ ၁၄ ဦးအပြင် နောက်ထပ်ပါ ဆက်လက်ဖမ်းဆီးဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
မနေ့ညနေမှာပဲ (ICM) ဘုရားကျောင်းဝင်းမှာ သတို့သမီး အပ်နှင်းပွဲအတွက် ပြင်ဆင်နေသူတွေပါ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေ ပြောပေမယ့် ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း ဖမ်းဆီးခံရသူတွေထဲမှာ သူ့မိတ်ဆွေတစ်ဦးပါဝင်ပြီး ဒီနေ့အထိ အဆက်အသွယ် မရသေးဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်တော့အသိတစ်ယောက်က မနေ့က အိမ်မှာနေတဲ့အချိန် အဖမ်းခံရတာပေါ့။ သူ့အဖေကိုလာရှာတာ သူ့အဖေကိုမတွေ့တော့ သူ့သားကိုဖမ်းသွားတာ။ အခုထိ မလွတ်လာသေးဘူး”
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းအရ စစ်တပ် အာဏာသိမ်းကာလအတွင်း လူနှစ်သောင်းကျော် (၂၀,၂၉၀ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။