မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်း လက်နက်ကြီးကျလို့ တစ်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

RFA Burmese
2024.05.14
မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်း လက်နက်ကြီးကျလို့ တစ်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ မုံရွာမြို့အနီး မိုးညှင်းသမ္ဗုဒ္ဓေဘုရားကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်က တွေ့ရစဥ်။
Citizen Journalist

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါး ခိုလှုံနေရတဲ့ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲကို မနေ့ညပိုင်းက စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ CDM ကျောင်းဆရာမ တစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရသွားတယ်လို့ ကူညီနေသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မေလ ၁၃ ရက် ည ၈ နာရီကျော်မှာ မုံရွာမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ဂိတ်ကနေ လက်နက်ကြီးနဲ့ ခြောက်ကြိမ် ပစ်လိုက်လို့ သီလရှင်ကျောင်းဆောင်တွေနားမှာ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

သေဆုံးတဲ့သူဟာ ဆည်ကြီးတောရွာကရောက်နေတဲ့ အသက် ၃၅ နှစ်အရွယ် CDM ကျောင်းဆရာမ ဒေါ်မိုးမိုးအေး ဖြစ်တယ်လို့ မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေး(ပကဖ) က အတည်ပြုပါတယ်။

ဒဏ်ရာရသူတွေထဲမှာ သီလရှင်ငယ်တွေလည်းပါတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"နေလို့မရတဲ့ရွာတွေကနေ စစ်ရှောင်စခန်းဆိုပြီး ဒီမှာ လာနေကြတာ။ သီလရှင်ကျောင်းတွေကြား ကျလို့သာ ဒဏ်ရာရတဲ့သူ ဒီလောက်လေးရှိသွားတာ။ ကားနဲ့ အရေးပေါ်ဆိုပြီး တင်သွားတဲ့သုံးယောက်ထဲက တစ်ယောက် ဆုံးသွားတာ။ ကလေးအမေလို့တော့ ပြောတယ်။ သူက ရင်ဘတ်ကို တော်တော်ထိသွားတာ"

ဒီမနက်မှာလည်း ဘုရားနားက အောင်သာရွာမှာ အင်အား သုံးဆယ်နီးပါးပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းရောက်နေတာကြောင့် အောင်သာ၊ ဆည်ကြီးတောနဲ့ သက္ကယ်ကျင်းရွာတွေက ထွက်ပြေးလာတဲ့ ဒေသခံ တစ်ထောင်ကျော် ထပ်တိုးလာတယ်လို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး၊ မီးရှို့ခံရတဲ့ မုံရွာမြို့နယ်ထဲက ရွာသားတွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ခန့်ကစပြီး သမ္ဗုဒ္ဓေဘုရားမှာ ခိုလှုံနေခဲ့ရတာလို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။