မိုးကုတ်မုံကွင်းကို အများပြည်သူ အသုံးပြုနိုင်တဲ့ နေရာအဖြစ်သာ ထားဖို့ ဒေသခံတွေတောင်းဆို


2015.02.28
mogyoke-jewellery-market-protest-305 မိုးကုတ် အင်းအစပ်က မုံကွင်းမှာ ကျောက်မျက်လုပ်ငန်း ရှင်များအသင်းက ကျောက်မျက်ဈေးဆောက်လုပ်ဖို့ အတွက် ပြင်ဆင်နေတာကို မြို့ခံ ၁ဝဝဝ ကျော်က ဇန်နဝါရီလ ၁၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
Photo: Hset Paing Toe/ RFA

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ်က မုံကွင်းကို အများပြည်သူအသုံးပြုနိုင်တဲ့နေရာအဖြစ်သာ ထားရှိပေးဖို့ မိုးကုတ်မြို့ခံတွေက နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်လိုက်ပါတယ်။

မုံကွင်းမှာ မိုးကုတ်ကျောက်မျက်လုပ်ငန်းရှင်များ အသင်းက အသင်းရုံး နဲ့ တခြားအဆောက်အဦးတွေ စတင်ဆောက်လုပ်နေတာကို မြို့ခံတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မြို့ခံတွေက သူတို့ မေတ္တာရပ်ခံချက်ကို နိုင်ငံတော် သမ္မတရုံးထံ တင်ပြထားကြောင်း စိမ်းလန်းမိုးကုတ် ဒုတိယဥက္ကဌဖြစ်တဲ့ မပွင့်ဖြူက ပြောပါတယ်။

"ဆန္ဒပြသွားတဲ့ ဓါတ်ပုံတွေ၊ ကန့်ကွက်စာတွေ၊ လက်မှတ်ပါမယ် နောက်ပြီးတော့မှ ဝန်ကြီး အဆင့်ဆင့် ပြည်ထောင်စုအစိုးရဝန်ကြီးတွေအထိ စာတင်ထားပါတယ်၊ သတ္တုတွင်းဝန်ကြီး မြေယာစီမံ ခန့်ခွဲရေးဌာနတွေ အဲ့ဒီဟာတွေကို အဆင့်ဆင့်တင်ထားခဲ့တာ တော်တော်များများပါပါတယ်၊ ဒီမုံကွင်းကြီးဟာပေါ့နော် နှစ် ၁ဝဝ ကျော်သွားပြီဖြစ်တဲ့အတွက်ကို သမိုင်းဝင်နေရာတစ်ခုဖြစ်တယ်၊ သမ္မတအနေနဲ့ မိုးကုတ်ရဲ့ လူထုရဲ့ဆန္ဒဒီလိုရှိနေပါတယ်၊ ဒီအတိုင်းကို ပုံဖော်ပေးပါဆိုတာ၊ ဒါကျမတို့ ယုံကြည်တယ် သမ္မတကတော့ လုံးဝလျစ်လျူရှုလိမ့်မယ်မဟုတ်ဘူး ဆိုပြီးတော့ ယုံကြည်ထားတယ်"

ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မြို့ခံတွေက ဆန္ဒပြခဲ့ပြီး ဒီနေ့အထိ ထိုင်သပိတ် ဆန္ဒပြတဲ့သူတွေ ရှိနေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက မန္တလေးတိုင်းဒေသကြီး သစ်တောနဲ့ သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်နဲ့ တွေ့ဆုံခဲ့ရာမှာ တိုင်းဝန်ကြီးချုပ်ထံ တင်ပြပေးမယ်လို့ ဦးသန်းစိုးမြင့်က ကတိပေးခဲ့ပါတယ်။

တိုင်းဒေသကြီး အစိုးရအစည်းအဝေးထံတင်ပြဖို့ မြို့ခံတွေက လက်မှတ်တွေ စုဆောင်းကောက်ယူနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။