မိုးဗြဲမှာတိုက်ပွဲ ပြင်းထန်ပြီး အရပ်သား တစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရ

2022.02.18
မိုးဗြဲမှာတိုက်ပွဲ ပြင်းထန်ပြီး အရပ်သား တစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က လွိုင်ကော် PDF အဖွဲ့က ထုတ်ပြန်သည့် တိုက်ပွဲဓာတ်ပုံတစ်ပုံ။
Photo: Loikaw PDF

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နဲ့ အနီးတဝိုက်မှာ ဒီကနေ့ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့သလို ခုနစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်တွေလည်း မီးရှို့ခံ ထားရတယ်လို့ PDF တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ မိုးဗြဲမြို့တောင်ဘက် တစ်မိုင်လောက်ဝေးတဲ့ ဝါရီဆူးပလှိုင်ကျေးရွာ က လူနေအိမ်တွေ မီးလောင်နေပြီး အရပ်သားတွေကတော့ နီးစပ်ရာတောတွေထဲ ထွက်ပြေးနေတယ်လို့ တိမ်းရှောင်နေတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ကတော့ လေးလုံးကနေ ငါးလုံးဝန်းကျင်ပေါ့နော်။ နေမဝင်အခင်အထိပေါ့နော်။ ညမှာလည်း စပြီး ရှို့တယ်ပေါ့နော်။ မနက်အစောကရော အခုရော တောက်လျှောက် တော့ ရှို့နေတယ်ပေါ့နော်။ အဲဒါကတော့ အလုံးအရေ အတိအကျတော့ မသိရသေးဘူး ပေါ့နော်။ မနေ့က ပထမဆုံးထိတဲ့ အိမ်ဆိုရင် အိမ်ရှင်ပါ ပါသွားတယ်။ အိမ်ရှင်ပါ အသက်ဆုံးရှုံးလိုက်ရတယ်။ နောက်ပြီးတော့ ထပ်ပြီးတော့ထိတယ်လို့ ကျွန်တော် သတင်းကြားရတယ်။ မကျခင်လေးမှာပဲ ကျွန်တော်တို့က အိမ်အပြင် ရောက်သွား တယ်ပေါ့"

လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတဲ့အိမ်ရှင်ရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။ ဝါရီဆူးပလှိုင်ရွာမှာ အိမ်ခြေ ၂၀၀ ရှိပြီး လူဦးရေ ၁၆၀၀ ကျော်လောက်က ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ ဒီကနေ့ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ် အရေအတွက်ကို အတည်ပြုလို့မရသေးပါဘူး။

မနေ့ကလည်း မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နဲ့ ဝါရီဆူးပလှိုင်ရွာနားမှာ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး အပါအဝင် စုစုပေါင်း ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲလူမှုကူညီရေးအဖွဲ့ (Mobye Rescue Team) အဖွဲ့ဝင်က ပြောပါတယ်။

"အရပ်သား ခုနစ်ယောက်မှာ ကလေးငယ်လေးကတော့ တစ်ယောက်ပါမယ်ရှင့်။ ဒါပေမဲ့ ကလေးငယ်ကတော့ နည်းနည်းပဲထိရုံလေးပဲ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးရှင့်။ အမျိုး သမီးက နှစ်ယောက်ရှင့်။ ကျန်တဲ့ဟာ အမျိုးသားရှင့်။ အမျိုးသား ငါးယောက်ရှင့်။ အိမ်မှာနေနေတာပေါ့နော် လက်နက်ကြီးကျတော့ အိမ်ပတ်ဝန်းကျင်မှာကျတော့ လက်နက်ကြီးစတွေ မှန်တာရှင့်"

ထိခိုက်ဒဏ်ရာရသူတွေဟာ မြို့မရပ်ကွက်က အသက် ၅၃ နှစ်အရွယ် ဦးကျော်ဌေး၊ အသက် ၃၂ အရွယ် ယုဇနထွန်း၊ ပေါ်ဦး (၁) ရပ်ကွက်နေ အသက်၂၇ နှစ်အရွယ် လင်းထက်ဦး၊ သစ်ရာကုန်းရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် ကျော်ဝင်းခိုင်၊ စည်ကား (၁) ရပ်ကွက်နေ အသက် ၂၈ နှစ် လင်းညို တို့ဖြစ်ပြီး ကျန်နှစ်ဦးရဲ့ အချက်အလက်တွေကိုတော့ မသိရသေး ဘူးလို့ မိုးဗြဲလူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် မနေ့က မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးခဲ့သလို မိုးဗြဲ PDF ဘက်က ခုနစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲ PDF က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မိုးဗြဲ PDF နဲ့အတူ ပူးပေါင်းတိုက်ခိုက်တဲ့ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF၊ GZ-21 တပ်တွေမှာလည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသတွင်း သတင်းတချို့မှာတော့ PDF ပူးပေါင်းတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့တယ်လို့ ပြောပေမယ့် ဒီအချက်အလက်ကို PDF တွေဘက်က တရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။

"အလုံးအရေ အတိအကျတော့ မသိရသေးဘူးပေါ့နော်။ မနေ့က ပထမဆုံးထိတဲ့အိမ်ဆိုရင် အိမ်ရှင်ပါ အသက်ဆုံးရှုံးလိုက်ရတယ်"

စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က မိုးဗြဲတိုက်ပွဲမှာ သူတို့ဘက် ထိခိုက်ဒဏ်ရာရတဲ့ စစ်သည်အချို့ရှိခဲ့တယ်လို့ ဝန်ခံပေမယ့် စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုတော့ ငြင်းဆိုပါတယ်။

"မိုးဗြဲမှာ မနေ့က နှစ်ကြိမ်၊ သုံးကြိမ်ဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ဆီက လက်နက် အချို့ရလိုက်တာရှိတယ်။ ကျွန်တော်တို့ဆီက စစ်သည်အချို့လည်း ဒဏ်ရာရတာရှိတယ်။ ညနေ ၅ နာရီလောက်မှာ KNPP နဲ့ အဖွဲ့ဝင် ၈၀ လောက်က လုံခြုံရေးစစ်ကြောင်းကို လာရောက်ပစ်ခတ်တာရှိတယ်။ စစ်သည် နှစ်ယောက်လောက် ဒဏ်ရာရတာရှိပါတယ်။ သာမန်အရပ်သားကတော့ အဲဒီဘက်မှာ မရှိတာများတယ်။သူတို့အနေနဲ့ကတော့ အောင်ပွဲရတယ်ပေါ့ဗျာ။ တပ်က ဘယ်လောက်သေတယ်ကြေတယ်ပေါ့။ သူတို့ဘက်က ဆုံးရှုံးတာရှိလာရင် အဲဒီလူတွေက အရပ်ဝတ်နဲ့ တိုက်ခိုက်တာဖြစ်လို့ ရွာသားဆိုပြီး ပြောင်းသွားတာရှိပါတယ်”

(၂၀၂၂ ဖေဖော်ဝါရီ ၁၇ ရက် မိုးဗြဲတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဥ်) Photo: PDF Loikaw
(၂၀၂၂ ဖေဖော်ဝါရီ ၁၇ ရက် မိုးဗြဲတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဥ်) Photo: PDF Loikaw

PDF တွေဘက်က တိုက်ခိုက်တာတွေမရှိရင် တိုက်ပွဲတွေဖြစ်လာမှာမဟုတ်သလို နှစ်ဖက်ပစ်ခတ်မှုတွေကြားမှာ အရပ်သားတွေလည်း ထိခိုက်စရာမရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူကတော့ PDF တွေ ဘက်က ထိခိုက်သေဆုံးမှုတွေရှိတာ မှန်ပေမယ့် အသေးစိတ်အချက်အလက်တွေကို ထုတ်မပြောနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

"အကျအဆုံးစာရင်းက ကျနော်တို့ အခုထိ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ ဒဏ်ရာ အများအပြားရတာရယ်၊ အကျများတာရယ်တော့ ဟုတ်ပါတယ်။ တိုက်ပွဲတွေက ဆက်ပြီးတော့မှ ဖြစ်နေတုန်းပဲ အခုချိန်ထိ ကျနော်တို့က ရှေ့တန်းစစ်မြေပြင်က ဒီလိုပုံစံဖြစ်နေသေးရင် ချက်ချင်းထုတ်ဖော်မှာ မဟုတ်သေးဘူး"

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်မှာ မိုးဗြဲမြို့တွင်း စစ်ကောင်စီအင်အား ၂၀၀ ခန့်က စစ်ကြောင်းစတင်ထိုးခဲ့တာဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ကရင်နီပူးပေါင်း တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာဖြစ်ပါတယ်။

အရပ်သားတွေ မိုးဗြဲမြို့ကို တဖြေးဖြေးစွန့်ခွာနေကြပေမယ့် မိုးဗြဲမြို့နဲ့ အနီးတဝိုက် ရွာတွေမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတာကြောင့် အနည်းဆုံး ဒေသခံအရပ်သား တစ်သောင်းကျော်လောက်ဟာ အခုချိန်ထိ တိုက်ပွဲအတွင်း ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။