ပူတာအိုမှာ မိုဘိုင်းဖုန်းလိုင်းအချို့ ပြတ်တောက်နေ

2022.02.28
ပူတာအိုမှာ မိုဘိုင်းဖုန်းလိုင်းအချို့ ပြတ်တောက်နေ ပူတာအိုမြို့မှာ ပိတ်ထားတဲ့ ဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် ပူတာအိုမြို့မှာ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းကို ပိတ်ထား တဲ့အတွက် စက်သုံးဆီတွေ ပြတ်လပ်လာပြီး မိုဘိုင်းဖုန်းလိုင်းတွေပါ ပြတ်တောက်နေတယ် လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ဓာတ်ဆီတစ်လီတာဈေးဟာ ဒီနေ့ဆို ကျပ်ငါးထောင်အထိ ရောက်နေတယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။

“ဓာတ်ဆီက လမ်းဘေးမှာ တစ်ဆိုင်မှာပဲ ဝယ်လို့ရတော့တယ်။ ဒီနေ့က တစ်ပုလင်းကို ၅၀၀၀ နဲ့ ရောင်းကြတယ်။ ဆိုင်ကြီးတွေမှာတော့ မရောင်းတော့ဘူး။ လမ်းပိတ်ထား တော့ ကုန်းဈေးနှုန်းတွေ ဈေးတက်တယ်။ အောက်ပိုင်းက ဆန်တွေဆို ပြတ်နေပြီ။ ဘိလပ်မြေတွေဆို ပိုပြီးတော့ ဈေးကြီးတယ်။ ရွှေဝါဆပ်ပြာ ခါတိုင်းဆို တစ်ထောင်ဖိုး ၄ တောင့်ရတယ်။ အခုက ၂ တောင့်ပဲ ရတော့တယ်”

ကုန်းဈေးနှုန်းတွေဟာ အရင်ကထက် နှစ်ဆလောက် ဈေးတက်နေတာလို့လည်း ပြောပါ တယ်။

အခုလို စက်သုံးဆီဈေးတွေ အဆမတန်တက်လာတာကြောင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ကစပြီး မိုဘိုင်းဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပြီး ဒီနေ့တော့ တချို့နေရာတွေမှာ တယ်လီနောလိုင်းတွေ ပြန်ရနေတယ်လို့လည်း ပြောပါတယ်။

ပူတာအိုမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီးနောက် ပူတာအိုဘက်အဆင်းကို ဖတ်မာနဲ့ မူလာရှီးဒီး ဂိတ်တွေမှာ စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို ကေအိုင်အေ ဘက်ကလည်း မြစ်ကြီးနားဘက်က အတက်ကို ဖေဖော်ဝါရီလကုန်ထိ ပိတ်ပင်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပူတာအိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး ဒေသခံ ခြောက်ထောင်ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။