ကုန်းကြမ်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တစ်ရာနီးပါး သေဆုံးတယ်လို့ MNDAA ပြော

RFA Burmese
2023.12.03
ကုန်းကြမ်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တစ်ရာနီးပါး သေဆုံးတယ်လို့ MNDAA ပြော ကိုးကန့်ခရိုင် ရှောက်ကိုင်ရွာအုပ်စုတွင် စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံပစ်ခတ်စဉ် MNDAA မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။
The Kokang

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တစ်ရာနီးပါး သေဆုံးခဲ့တယ်လို့ (MNDAA) က ဒီဇင်ဘာလ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ကဖြစ်တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဆိုပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က ကုန်းကြမ်းမြို့နယ် ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု၊ ဝါစီကျိုင်းရွာနဲ့ စူကြာကျိုင်းရွာအကြား တောင်ကုန်းအောက်ခြေမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ MNDAA တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁ ရက်မနက်ပိုင်းမှာ အဲဒီနေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ စစ်ကောင်စီတပ်သား ရုပ်အလောင်းနှစ်ဆယ် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ညနေပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ခုနစ်ဆယ်ကျော် သေဆုံးခဲ့သလို စစ်သုံ့ပန်း လေးဦးဖမ်းဆီးနိုင်ခဲ့တယ်လို့ MNDAA ဘက်က ပြောပါတယ်။

ဒါ့အပြင် ရှင်ဝမ့်ဒေသမှာရှိတဲ့ MNDAA တပ်ဖွဲ့တွေဟာ ကုန်းကြမ်းစခန်းအနီးက စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း အသေဖမ်းမိခဲ့ပြီး လက်နက်၊ ခဲယမ်းတွေရခဲ့တယ်လို့ ဆိုပါတယ်။

ရှင်ဝမ့်ဒေသကနေ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း နယ်မြေရှင်းလင်းရေး ဆက်ပြီးလုပ်မယ်လို့ MNDAA ဘက်က ပြောထားပါတယ်။

MNDAA ဘက်က ထိခိုက်သေဆုံးမှုကိုတော့ ထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားသလို စစ်ကောင်စီတပ်သားတွေ သေဆုံးတယ်ဆိုတဲ့ အရေအတွက်အပေါ်ကိုလည်း RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဇင်ဘာလ ၂ ရက်နေ့ မီဒီယာ ရှင်းလင်းပြောကြားချက်တွေမှာ ကုန်းကြမ်းမြို့နယ် တိုက်ပွဲကိစ္စနဲ့ပတ်သက်လို့ ထည့်သွင်းပြောကြားထားတာ မတွေ့ရပါဘူး။

ဒါပေမဲ့ MNDAA အဖွဲ့အနေနဲ့ ရှမ်းနဲ့ တအာင်းလူမျိုးတွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းနေတဲ့အကြောင်းကိုတော့ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့နဲ့ တုံ့ပြန်ချက်ရဖို့ (MNDAA) ပြောခွင့်ရသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး နေ့လယ်ပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။