TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ

RFA Burmese
2025.04.02
TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ နောင်ချိုမြို့နယ်မှာ ဒရုန်းနှင့် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ တစ်ခုကို ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့က TNLA က ထုတ်ပြန်ထားစဉ်။
PSLF/TNLA

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ နောင်ချိုမြို့နယ် တောင်လှနဲ့ ဂေါ်ရခါးရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၁ ရက်နေ့က ဗုံးကြဲခဲ့တာကြောင့် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရ သွားတယ်လို့ TNLA က မနေ့ညနေက ထုတ်ပြန်ပါတယ်။

ဧပြီလ ၁ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အုမ္မတီး-ဆမ္မဆယ်ကျေးရွာကြားမှာရှိတဲ့ တောင်လှနဲ့ ဂေါ်ရခါးရွာကို ဒရုန်းနဲ့ တစ်ကြိမ်း၊ ဂျက်တိုက်လေယာဉ်နဲ့ တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင် နေအိမ်နှစ်လုံးလည်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူ မတ်လ ၃၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ တယ်လို့ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် မတ်လ ၃၁ ရက်ကနေ ဧပြီလ ၆ ရက်နေ့အထိကို စစ်ကောင်စီက ဝမ်းနည်းခြင်း အထိမ်း အမှတ်နေ့အဖြစ် ကြေညာထားပေမဲ့ စစ်ကောင်စီက အရပ်သားတွေရှိတဲ့နေရာကို ဦးတည်ပြီး ဗုံးကြဲတာတွေ ရှိနေတဲ့အတွက် အမြဲသတိထားနေထိုင်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ငလျင်ဒဏ်ကို ပြည်သူတွေရင်ဆိုင်နေရချိန်မှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်၊ ကယား၊ ချင်း၊ ရခိုင် စတဲ့ပြည်နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ကြုံနေကြရတယ်လို့ လေ့လာစောင့်ကြည့်သူတွေကပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။