MNDAA တပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်သုံးဦးကို သေဒဏ်ပေး
2024.04.25

[Update: 9:53 PM, April 25, 2024]
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က အသက် ၃၆ နှစ်အရွယ် ခရိုင်မှူး အဆင့်ရှိသူတစ်ဦးနဲ့ တပ်သားနှစ်ဦးတို့ကို ဧပြီလ ၂၄ ရက်နေ့က လူအများရှေ့မှာ သေဒဏ်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ပါတယ်။
သေဒဏ်ပေးခံရသူတွေအပြင် ဒုတပ်ရင်းမှူးအဆင့်ရှိသူနှစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ခုနစ်ဦးကိုတော့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာပါ။
သေဒဏ်ပေးခံရတဲ့ ခရိုင်မှူးရာထူးအဆင့်ရှိသူဟာ သူ့ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး ၂၀၂၃ ဇူလိုင်လက နေ စက်တင်ဘာလအတွင်း မြန်မာယာဉ်မောင်း နှစ်ဦး၊ တရုတ်နိုင်ငံသား ၁၀ ဦးကျော်၊ ဗီယက်နမ်နိုင်ငံသား ခြောက်ဦးတို့ကို ပြန်ပေးဆွဲခဲ့ပြီး အဲဒီထဲက တရုတ်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
ထောက်ပို့ဌာနနဲ့တပ်မဟာ-၃၁၁ က တပ်သားနှစ်ဦးကိုတော့ လက်နက်တွေ ခိုးယူရောင်းချမှု၊ လူသတ်ပြန်ပေးဆွဲမှု တွေမှာ ပါဝင်တာကြောင့် သေဒဏ်ပေးခဲ့တာလို့ ကိုးကန့်တပ်ဖွဲ့ရဲ့ တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြစ်မှုကျူးလွန်တာမှာပါဝင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ဒုတပ်ရင်းမှူးကိုတော့ တပ်ကထုတ်ပယ်ပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သလို တပ်ရင်း-၁၉၁ က ဒုတပ်ရင်းမှူးကိုတော့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့ တပ်သားတွေကိုတော့ ထောင်ဒဏ် ငါးနှစ်ကနေ နှစ်နှစ် အသီးသီး အမိန့်ချမှတ်ခဲ့တာပါ။
ဒီစီရင်မှုကို လောက်ကိုင်မြို့ တုံချိန် ရပ်ကွက်က လူစည်ကားတဲ့နေရာမှာ ပြုလုပ်ခဲ့တာလို့ လောက်ကိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး လောက်ကိုင်မြို့မှာ ကိုးကန့်တပ်ဖွဲ့ဝင်တွေကို အခုလိုသေဒဏ်စီရင်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
MNDAA ရဲ့ အခုလို သေဒဏ်စီရင်ချက်ကို ဥရောပသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ ဧပြီ ၂၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သေဒဏ်ချမှု ကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့လည်း ဆိုပါတယ်။ သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန် ငြင်းပယ်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းတဲ့အခါ မြင့်မားတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့တုန်းကလည်း လားရှိုးမြို့အတွင်းမှာ တရုတ်နိုင်ငံသားတွေကိုပါ လူသတ်ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံသား တရုတ်လူမျိုးလေးဦးကို ကိုးကန့်တပ်ဖွဲ့က အများရှေ့မှာ အခုလိုပဲ သေဒဏ်စီရင်ခဲ့ပါတယ်။
(မှတ်ချက်။ ။ ဤသတင်းနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ ကြေညာချက်အား ဖြည့်စွက်ရေးသားထားပါသည်။)