တန်ပြန်ထိုးစစ်အဖြစ် နိုင်ငံအနှံ့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေကြောင်း MNDAA ပြော

RFA Burmese
2024.09.30
တန်ပြန်ထိုးစစ်အဖြစ် နိုင်ငံအနှံ့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေကြောင်း MNDAA ပြော ကိုးကန့်တပ်မတော် MNDAA အဖွဲ့က ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့က ထုတ်ပြန်သည့် လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးနေသည့် လားရှိုးမြို့တွင်းရှိ အဆောက်အအုံတစ်ခုမြင်ကွင်း။
Photo: The Kokang/ Screenshot

စစ်ကောင်စီ တပ်ဖွဲ့ဟာ စက်တင်ဘာလမှာ “တန်ပြန်ထိုးစစ်”စစ်ဆင်ရေး စတင်ပြီး နိုင်ငံအနှံ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ထိခိုက်သေဆုံးသူဦးရေ တစ်နေ့ထက် တစ်နေ့ များလာတယ်လို့ ကိုးကန့်တပ်မတော် MNDAA က စက်တင်ဘာ ၃ဝ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လကုန်ကနေ စက်တင်ဘာ ၃ဝ ရက်နေ့အထိ လားရှိုးမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ကိုးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်တင်ဘာလကုန်ပိုင်းမှာ မကြာခဏ ဗုံးကြဲတယ်လို့ ဖော်ပြပါတယ်။

တစ်လအတွင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား သုံးယောက် သေဆုံးခဲ့ရပြီး ၃၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေရဲ့အသက်မွေးဝမ်းကြောင်း ပြန်လည်ကောင်းမွန်လာတဲ့ လားရှိုးမြို့ဟာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ ပစ်မှတ်လည်း ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်ကတော့ လားရှိုးပြန်စည်ကားမှာကို စစ်ကောင်စီက မလိုလားဘူးလို့ RFA ကို ပြောပါတယ်။

“အဓိကကတော့ စကစက လားရှိုးမှာ ပြန်လည်စည်ကားမှာကို မလိုလားဘူး။ သူတို့ လက်လွတ်ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ခြောက်ကပ်နေအောင် သူလိုချင်တယ်။ အဲ့ဒါကြောင့် တမင်သက်သက်ကို စစ်ရေးလှုပ်ရှားမှုနဲ့ ဖျက်ဆီးပြီး ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတယ်လို့ မြင်တယ်”

စစ်ကောင်စီက စက်တင်ဘာ ၃ဝ ရက် မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးသုံးလုံး ဆက်တိုက်ကြဲချသလို ည ဆယ်နာရီကျော်မှာလည်း လားရှိုးမြို့ကို ထပ်ပြီး ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်‌‌ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တစ်ခုလုံး လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ လားရှိုးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လေကြောင်းက အဆက်မပြတ် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း မိုင်းရယ်ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။