လောက်ကိုင်မြို့အနီးက စစ်ကောင်စီလေးမျက်နှာစေတီကုန်းကို MNDAA သိမ်းယူ

RFA Burmese
2023.12.06
လောက်ကိုင်မြို့အနီးက စစ်ကောင်စီလေးမျက်နှာစေတီကုန်းကို MNDAA သိမ်းယူ လေးမျက်နှာစေတီ စခန်းကုန်းက သိမ်းယူခဲ့သည့် စစ်လက်နက်ပစ္စည်းများအား မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
The Kokang

လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက) အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ လေးမျက်နှာစေတီစခန်းကုန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လေးမျက်နှာစေတီကုန်းကို ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာမှာ ဒီဇင်ဘာလ ၅ ရက်နေ့က သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီစခန်းကုန်းဟာ စစ်ကောင်စီရဲ့ လောက်ကိုင် ဒစက နဲ့ နှစ်မိုင်သာဝေးပြီး မြို့ကို လှမ်းမြင်ရတဲ့နေရာလို့လည်း ပြောထားတဲ့အပြင် လေးမျက်နှာစေတီပေါ်ကနေ လောက်ကိုင်မြို့ကို မြင်ရတဲ့ ရုပ်သံဖိုင်ကိုလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား ၁၁ ဦးကို သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိခဲ့ပြီး သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရသူတွေပါဝင်တယ်လို့လည်း ဆိုပါတယ်။

MNDAA ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို  RFA က မေးမြန်းဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ရာမှာတော့ လောက်ကိုင်မြို့ တောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတာသာ ပြောဆိုထားပြီး အခြေအနေအသေးစိတ်ကို ပြောမထားပါဘူး။

ကိုးကန့်ဒေသမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူထားပြီး စစ်ကောင်စီရဲ့ မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နဲ့ တာရွှေထန်စတဲ့ တပ်စခန်းတွေသာ ကျန်တော့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေ‌ဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်း စတဲ့မြို့ငါးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းယူထားပြီး မုံးကိုး၊ ပန်ဆိုင်းအပါအဝင် မြို့တချို့မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေပြီလို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။