လောက်ကိုင်မှာ လက်နက်ကြီးကြောင့် အရပ်သားရှစ်ဦးသေ၊ ၂၅ ဦး ဒဏ်ရာရကြောင်း MNDAA ထုတ်ပြန်
2023.12.26

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ရှစ်ဦးသေဆုံးပြီး ၂၅ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နှစ်လုံးဟာ ကိုးကန့်တုန်ချိန်ရပ်ကွက် ဟွမ်ကွမ့်ဟိုတယ်အနီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတွေ ထိမှန်သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ကုသပေးခဲ့ပြီး သေဆုံးသူတွေကိုလည်း သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။ RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ကိုးကန့်ဒေသနဲ့ သိန္နီမြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
MNDAA စာရင်းတွေအရ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ရှမ်းပြည်နယ်အထူးဒေသ (၁) နယ်မြေမှာ စစ်ကောင်စီလေကြောင်းကနေ ရမ်းသန်းပစ်ခတ်တာကြောင့် အရပ်သား ၅၅ သေဆုံးခဲ့ပြီး အနည်းဆုံးလေးဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။