လားရှိုးမြို့မှာ Starlink အင်တာနက်လိုင်းသုံးခွင့် MNDAA ပိတ်ပင်

RFA Burmese
2024.10.06
လားရှိုးမြို့မှာ Starlink အင်တာနက်လိုင်းသုံးခွင့် MNDAA ပိတ်ပင် မိုဘိုင်းလ်ဖုန်းဖြင့် လူမှုကွန်ရက်သုံးစွဲနိုင်ရန် ကြိုးပမ်းနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
Photo: AFP

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်တဲ့အနေနဲ့ ကိုးကန့်တပ်မတော် (MNDAA) က အင်တာနက်လိုင်း ဖြတ်တောက်ထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

အောက်တိုဘာ ၅ ရက် နေ့လယ်ကစပြီး Starlink အင်တာနက်တွေကို ဖြတ်တောက်ထားလိုက်တယ်လို့ သူက ပြောပါတယ်။

“ဖုန်းလိုင်းကတော့ မရတာ ငါးရက်လောက်ရှိပြီပေါ့။ အောက်တိုဘာ ၄ ရက်နေ့အထိ Starlink ရနေသေးတယ်။ ဖုန်းလိုင်းတွေက လေယာဉ်ပစ်မှတ်တွေကို ဖုန်းကတစ်ဆင့် ပို့တယ်လို့ ကျွန်တော်အနေနဲ့ ယူဆချက်ပါ။ Starlink ကတော့ ပုဂ္ဂလိက ဝိုင်ဖိုင် တစ်နာရီ ငါးထောင်ကျပ်နဲ့ ဝန်ဆောင်မှု ပေးနေကြတာ။ သတင်းပေးတဲ့သူတွေကလည်း Starlink နဲ့ သတင်းပေးနိုင်တယ်လို့ ယူဆလို့ပါ”

အင်တာနက်လိုင်းကို အနည်းဆုံး တစ်လ ဖြတ်တောက်ထားမယ်လို့ သူက ဆက်ပြောပါတယ်။

လားရှိုးမြို့မှာ အောက်တိုဘာလဆန်းကစပြီး ဖုန်းလိုင်းအားလုံးလည်း ပြတ်တောက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ Starlink အင်တာနက်လိုင်းကို MNDAA က ဖြတ်လိုက်တာဖြစ်ပေမဲ့ ဖုန်းလိုင်းတွေ ဘာကြောင့် ပြတ်နေတယ်ဆိုတာကိုတော့ ဒေသခံတွေက မသိကြပါဘူး။

ကိုးကန့်တပ်မတော် (MNDAA) ကတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပိတ်ထားတဲ့ ကိစ္စ တရားဝင် ထုတ်ပြန်တာမရှိဘူးလို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့လည်း အဲ့ဒီလိုကြားထားပါတယ်။ တရားဝင် ထုတ်ပြန်ကြေညာထားတာတော့ မရှိသေးပါဘူး”

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေပေမယ့် စိုးရိမ်စရာ မရှိကြောင်း MNDAA က အောက်တိုဘာ ၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ကို MNDAA က သိမ်းယူပြီးနောက်ပိုင်း Mytel ဖုန်းလိုင်းသာ နေရာအနှံ့ရခဲ့တာဖြစ်ပြီး ATOM နဲ့ MPT ဖုန်းလိုင်းတွေကတော့ နေရာတချို့မှာ သုံးစွဲလို့ရခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းလိုင်းအားလုံးလည်း ပြတ်တောက်သွားတာဖြစ်ပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဆိုသလို ဗုံးကြဲတိုက်ခိုက်နေပါတယ်။

အောက်တိုဘာ ၆ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ လားရှိုးမြို့ ရပ်ကွက် (၅) မန်အိုင်ကုန်းပေါ်၊ အထက်မန်အိုင်ဘုန်းကြီးကျောင်းနားက လူနေအိမ်တွေပေါ် ဗုံးနှစ်လုံးကြဲချခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။

အဲဒီအတွက် သုံးထပ်တိုက်တစ်လုံးနဲ့ နှစ်ထပ်တိုက်တစ်လုံးအပြင် အနီးဝန်းကျင်က အိမ်တွေ ထိခိုက်ပျက်စီးပြီး ပြည်သူ တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ်နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သုံးလအတွင်း အရပ်သား တစ်ရာကျော် ထိခိုက်ဒဏ်ရာရတယ်လို့ MNDAA က အောက်တိုဘာ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။