ကိုးကန့်တပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်တာတွေ မလုပ်ဖို့ MNDAA သတိပေး

RFA Burmese
2024.07.11
ကိုးကန့်တပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်တာတွေ မလုပ်ဖို့ MNDAA သတိပေး ကိုးကန့်တပ်ဖွဲ့(MNDAA) တပ်ဖွဲ့ဝင်များအား ပန်ဆန်းမြို့ရှိ ဈေးတန်းတစ်ခုတွင် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: The Kokang

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် လားရှိုးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေ မကျူးလွန်ဖို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သတိပေးလိုက်ပါတယ်။

အရပ်သားပိုင် ဥစ္စာပစ္စည်းတွေကို လုယူတာတွေ မလုပ်ဖို့နဲ့ ကိုးကန့်တပ်ရဲ့ပုံရိပ်ကို ထိခိုက်အောင် မလုပ်ဖို့ လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ တပ်သားတွေကို တားမြစ်မိန့်ထုတ်လိုက်တာလို့ MNDAA က ဇူလိုင် ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အရပ်သားတွေကို အနိုင်ကျင့်သတ်ဖြတ်တာ၊ စစ်ပြေပြင်မှာ အရပ်သားတွေရဲ့ ယာဉ်တွေကို သုံးတာ၊ စစ်ဘေးဒုက္ခသည်တွေဆီက ပိုက်ဆံတောင်းတာ၊ တပ်သားသစ်စုတာ၊ လူမျိုးဘာသာ ခွဲခြားဆက်ဆံတာ စတဲ့လုပ်ရပ်တွေ မလုပ်ဖို့ တားမြစ်လိုက်တာဖြစ်ပါတယ်။ MNDAA တပ်ဖွဲ့ဝင်တွေဘက်က ဒီတားမြစ်ချက်တွေကို မလိုက်နာရင် အရပ်သားတွေအနေနဲ့ တိုင်ကြားနိုင်တယ်ဆိုပြီးလည်း ဖုန်းနံပါတ်တွေ ထုတ်ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အုံတွေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ စစ်ဘေးဒုက္ခသည်တွေ တိမ်းရှောင်နိုင်အောင် လမ်းဖွင့်ပေးဖို့နဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး လုံခြုံစိတ်ချတဲ့နေရာတွေမှာ စစ်ဘေးဒုက္ခသည်စခန်းတွေ ဆောက်လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လားရှိုးမြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေ၊ ဆရာဝန်၊ သူနာပြုတွေအနေနဲ့ မိမိတာဝန်ကို လက်ရှိရာထူး၊ လစာအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်တယ်လို့ MNDAA က ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

ကိုးကန့်တပ်ဖွဲ့(MNDAA) ဟာ လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ MNDAA ဟာ လားရှိုးမြို့ကို တိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ လုံခြုံရေးအတွက် စစ်ကောင်စီက စီစဉ်ပေးနေတယ်လို့ သူတို့ထိန်းချုပ်ထားတဲ့မီဒီယာတွေကနေ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။