ရခိုင်အတွက် ကိုးကန့်တပ်ဖွဲ့ လက်နက်ကူညီခဲ့ကြောင်း AA စစ်ဦးစီးချုပ်ပြော

2022.03.30
ရခိုင်အတွက် ကိုးကန့်တပ်ဖွဲ့ လက်နက်ကူညီခဲ့ကြောင်း AA စစ်ဦးစီးချုပ်ပြော MNDAA ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ နာရေးမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကို တွေ့ရစဥ်
Photo: The Kokang
ရက္ခိုင့်တပ်တော် (AA) ရဲ့ တော်လှန်ရေးအစမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကိုးကန့် တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်က လက်နက် ၁၀၀ စတင်ကူညီပေးခဲ့တယ် လို့ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောလိုက်ပါတယ်။
 
ရှမ်းပြည်အရှေ့ပိုင်း NDAA မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ မတ်လ ၂၉ ရက်ကစပြီး သုံးရက်တာကျင်းပနေတဲ့ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ နာရေးအခမ်းအနားမှာ အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
 
၂၀၀၉ ခုနှစ်က ရခိုင်လူငယ် ၂၆ ယောက်နဲ့ စတင်ခဲ့တဲ့ ရခိုင်တော်လှန်ရေးမှာ သေနတ်တစ်လက် သာရှိခဲ့ပြီး အခက်အခဲတွေကြားထဲ ရုန်းကန်နေရချိန် သေနတ်အလက် ၁၀၀ နဲ့ RPG နှစ်လက်ကို ဦးဖုန်ကြားရှင်က ပထမဦးဆုံး လက်ဆောင်ပေးခဲ့တယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
 
ကိုးကန့်တပ်ဖွဲ့ကနေရရှိခဲ့တဲ့ လက်နက်တွေနဲ့ ရခိုင်ပြည်ကို ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိမှာ တပ်ရင်း တစ်ရင်းကို လူ ၃၀၀ နဲ့ တပ်ရင်းပေါင်းရာချီ ဖွဲ့စည်းထားနိုင်ပြီး မဟာမိတ်တွေနဲ့ လက်တွဲ တိုက်ပွဲဝင်နေနိုင်ပြီလို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
 
ကိုးကန့်တပ်ဖွဲ့ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းတပ်ဖွဲ့ (TNLA) အတွက် ဆက်ဆံရေးခိုင်မာ လေးနက်ခဲ့ တာကြောင့် လူကိုယ်တိုင် လာရောက်ဂုဏ်ပြုရတာလို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောသွားပါတယ်။
 
ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တွေဟာ ညီနောင်မဟာမိတ်တွေအဖြစ် ဖွဲ့စည်းထားတာပါ။ ၂၀၁၅ ခုနှစ် ကိုးကန့်ဒေသက တိုက်ပွဲတွေမှာ AA နဲ့ TNLA တပ်ဖွဲ့တွေက ကိုးကန့်ဘက်ကနေ ကူညီတိုက်ခိုက်ပေးခဲ့ကြတယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေက ပြောကြပါတယ်။
 
ဦးဖုန်ကြားရှင်ဟာ ကိုးကန့်စော်ဘွားခေတ်မှာ ကာကွယ်ရေးခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ဖူးသလို ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) မှာလည်း တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့ ပါတယ်။
 
အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဦးဖုန်ကြားရှင်ဟာ အခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ ရှမ်းပြည် မြောက်ပိုင်း တရုတ် မြန်မာနယ်စပ်က MNDAA ဌာနချုပ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့ ဈာပနကို သမက်ဖြစ်သူရဲ့ NDAA မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ အခုလ ၂၉ ရက်က စတင်ကျင်းပနေပြီး တရုတ်နဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီဘက်က တြိဂံဒေသတိုင်း ကွပ်ကဲရေးမှူး တက်ရောက်နေတာကို တွေ့ရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။